ပိတောက်တွေက ပွင့်ဝေဆဲပါ ခိုင် -ဒီရေလှိုင်း
ဧပရယ်နွေ
ဆယ်နေဆူဆူအောက်
လေပူကာဘယ်လိုနှောက်ပေမဲ့
မကြောက်ပဲပွင့်လန်း
သည်ပိတောက်တစ်ခက်
မြရောင်ရွက်စိမ်း
ရွှေလိမ်းပွင့်ဖူး
နွေဦးပန်းကို
တိမ်းတိမ်းမူးဖြစ်
အပြစ်မရှိ
ချစ်ခဲ့မိသည်
ပိတောက်ခေဇီ
သူ့နာမည်က
ချိုခိုင်ရည် တဲ့ ။
ခုတော့
ဖောက်အပြစ်ဖွေရှာပြီး
ပိတောက်မပွင့်တဲ့မြေမှာ
တစ်ယောက်အချစ်နဲ့နေကာ
တပြည်မှာ ပျော်ရှာကာမွေ့
ပွင့်ဝါ၀ါ သည်ပိတောက်တွေက
တစ္ဆေခြောက်တယ်ဆိုကာ
အပြစ်တွေ့ကာ
မုန်းအကွေ့ မာယာပလီဖွဲ့ဆို
သည်ပန်းကိုမေ့ပြီ
ချိုခိုင်ရည် ။
ပိတောက်နဲ့ သင်္ကြန်
သင်္ကြန်နဲ့ ပိတောက်
ဧပရယ်ကာလရောက်တိုင်း
ထာဝရယှဉ်တွဲ
မခွဲခွာစတမ်း
ပွင့်လန်းလာကြ
နွေဦးရဲ့အလှ
သဘာဝကို
အထာမကျ အမြင်ဖောက်
ပိတောက်မှာ သစ္စာမဲ့တယ်လို့
မညှာတာတဲ့ စကားဆိုကာ
ဟိုဆီမှာ ချယ်ရီပန်းကို
အရမ်းကြိုက်လို့
နမ်းရှိုက်ကာ တသသဖြစ်
ဘ၀သစ်နဲ့ ပျော်ကြည်
ချိုခိုင်ရည်တဲ့လား ။
အရင်အခါ က
ပိတောက်ဝါပန်းကို
ခြောက်နွမ်းပါစေ
မပျောက်တမ်းမြတ်နိုး
တန်ဖိုးထားကာ ပန်တတ်သူရေ
ဟိုးဝေးဝေးနေရာ
ကမ္ဘာတစ်ဖက်မှာ
ဧပရယ်အခါ
ဒီမြန်မာလိုမပူ အလွန်အေးတာမို့
အတာသည်ရေအေးနဲ့
မွှေးသောပန်း ပိတောက်ဝါအလှကို
မကြင်နိုင် မမြင်နိုင်
ဘယ်ခံစားနိုင်ပါ့မလဲ
အများကြီးခြားခဲ့ပြီ
ချိုခိုင်ရည် ။
ပိတောက်ဝါသစ္စာမဖောက်
မိုးရေစက် ပေါက်ကာဖျန်းလျှင်ဖြင့်
လန်းစွင့်စွာ သူတို့မှာ ပွင့်ဆဲ
ပန်းချစ်ကာ ကမ်းလင့်သူကို
နမ်းချင့်စရာ သူမွှေးရနံ့နဲ့
အေးသန့်စွာ ဖြန့်ဝေဆဲ
လှနေမြဲ ၀င်းဖန့်စွာနဲ့
ဒီသင်္ကြန်ခါ အတာဦးမှာ
စွင့်မြူးကာ တင့်ထူးစွာနဲ့
ပွင့်ဖူးတို့ စုံညီညီ
ဝသုန်မဟီရဲ့အလှတရားမို့
ဘ၀ခြားလည်း
မင်းနှလုံးသားသွေးတို့
နွေးထွေးလို့ချစ် ပန်သင့်ပါသည်
ချိုခိုင်ရည် ။
အညှိုးတရားနဲ့
ဆိုးဝါးတဲ့ အကောက်ဥာဏ်နဲ့
ပိုးစားတဲ့ ပိတောက်တွေ
မချစ်ပါ သစ္စာမဲ့တယ်လို့
နင့်မှာတော့ဆိုချင်ဆို
ကိုယ်မှာတော့
မြတ်နိုးစွာ
ပိတောက်ဝါပွင့်ရာ လမ်းလေးမှာ
တစ်ယောက်သာချစ်စွာ လှမ်းဆွေးလို့
မဖောက်စွာသစ္စာ လွမ်းတေးကဗျာကို
ဆက်ကာရေးမည်
ချိုခိုင်ရည် ။ ။ (တစ်ချိန်တုန်းက ကဗျာလေးပါ ။)