ကြားထဲမှာနေ မှားမြဲငါလေ – ဒီရေလှိုင်း
နေ့ပြီးရင် ညမဟုတ်
ညပြီးရင် နေ့မဟုတ်
ဆည်းဆာတွေ ၊ အရုဏ်တွေရှိတယ်
အဖြူပြီးရင် အနက်မဟုတ်ဘူး
အနက်ပြီးရင် အဖြူမဟုတ်
မီးခိုးရောင်ရှိတယ်
အပူပြီး တော့ အအေးတဲ့လား
အနွေးကို ဘယ်မှာထားမလဲ
အချိုနဲ့ အခါးကြားမှာ
ရသာတွေအများကြီး
တအားဖြီးတယ်မထင်နဲ့
အပိန်နဲ့ အ၀အလယ်မှာ
သင့်တော်ရုံဆိုတာရှိတယ်
ရိုးသားခြင်းနဲ့ ကောက်ကျစ်ခြင်းကြားမှာ
ဘာတွေရှိလဲ
လျင်မြန်ခြင်းနဲ့ နှေးကွေးခြင်းတို့ကြားမှာ
ပုံမှန်အလျင်ဆိုတာဆိုတယ်
ချစ်ခြင်းနဲ့ မုန်းခြင်း တို့ကြားမှာ
ဥပေက္ခာတရား တို့ကြားဖူးတယ် .။
ကြားတွေအများကြားထဲမှာ
နေရတဲ့ဘဝ
အလှအပတွေခံစားဖို့ထက်
ဘ၀ဓမ္မအထွေထွေ အမှန်တရားကို
မှတ်သားလိုက် မေ့လျော့လိုက်နဲ့ဘဲ
ကြားထဲမှာ ကြားထဲမှာ ကြားထဲမှာ ။ ။
ကြားထဲမှာ ၊ ကြားထဲမှာ ၊ ကြားထဲမှာနဲ့
အမှားလွဲများစွာ
အလကားပဲငါလို့ ဟစ်အော်
ခေတ်ပေါ်သီချင်းတစ်ပုဒ်လို ညည်းရင်းဆိုရုံနဲ့မရ
ဘ၀ ဘ၀မှာ ၊ အလှဓမ္မကိုရှာဖွေ
ကြာလေလေဝေး ၊ အတွေးထိုထို
အငေးပိုနေသလိုလို – ငါဆိုတဲ့ဖြစ်တည်မှု
အခုစဉ်းစား ၊ အမှားကြီးမှားခဲ့တယ်
“ မှန်တယ်ဆိုရင် ၊ မြင်းမိုရ်တောင်စောင်း
ခေါင်းနဲ့ဝင်တိုက် ၊ သိပ်မိုက်တဲ့ငါ ၊
မှန်တယ်ဆိုရင်
သမုဒ္ဒရာ ၊ ဟိုမှာဘက်ကမ်း
ကူးခတ်စမ်းဟဲ့ စိတ်အားမငယ် ၊
မုန်တိုင်းကြမ်းလဲ ၊ Tide ဒီလှိုင်းက
ဂရုမစိုက် ၊ ခပ်မိုက်မိုက်ပေါ့
မှားတယ်ဆိုရင်
နှင်းပွင့်တစ်စက် ၊ သစ်ရွက်တစ်ခက်
မခြွေရက်ခဲ့ ၊ ယုံကြည်ချက်တို့ မယိုင်လဲ
အနိုင်နွှဲလို့ ၊ ခိုင်မြဲခဲ့သူ
ငါလိုလူ ။
ခုခါမှာတော့
ကိုယ်မှန်တာကိုမလုပ်ရဲ
ပရိုဂရမ်က
မလိုအကြံနဲ့အမိန့်ပေးရင်
သိပ်မတွေးတဲ့ ၊ အချိုအပေါ့ကိုမသိ
ရိုဘော့လို ငတိဖြစ်ခဲ့ပြီ ။
အများအများကြားမှာ ငါတစ်ယောက်ထဲ
မတူဘဲနေတာ ၊
တရားတရားများမှာ ငါတစ်ယောက်ထဲ
ပူမြဲဝေဒနာ
စကားစကားများမှာ ငါတစ်ယောက်ထဲ
မတူဘဲနေတာ
ကြားကြားမှာ ငါတစ်ယောက်ထဲ
ဖေါက်လွဲလို့ ၊ တစ်ယောက်ထဲမို့
မှားမြဲငါ ၊ မှားမြဲငါ ၊ မှားမြဲငါ
Comment #1
😛