ချစ်သူ …….သိစေ – ဒီရေလှိုင်း
ချစ်သူ …..
ချစ်သူရဲ့ ပုံရိပ်လေးကို ဖြတ်ကနဲ့
တွေ့လိုက်ရတဲ့ အချိန်ကစပြီး
ဆွစ်ဇာလန်က နှင်းဖုံးတောင်တန်းကြီးတွေ
မီယာမီကမ်းခြေမှာ တလိမ့်လိမ့်တက်နေတဲ့ လှိုင်းလုံးတွေ
ဧဒင် ဥယျာဉ်ထဲက ရောင်စုံပန်းလေးတွေ
ကောင်းကင်ယံက ရောင်စုံဖြာသက်တန့်တွေ
အတောင်တွေဖြန့်လို့ ပျံဝဲနေတဲ့ လိပ်ပြာလေးတွေ
အို ……. အားလုံးသော အလှတရားတို့ကို
မြင်နိုင်စွမ်း ကိုယ်မှာကင်းမဲ့ခဲ့ပါပြီ ။
ချစ်သူ …. ချစ်သူလေးရဲ့ စကားသံတိုးလျလျကို
ခဏလေးကြားရတဲ့အချိန်က စပြီး
အနောက်နန်းမတော် မမြလေးရဲ့ ချစ်သမျှကိုသီချင်းရဲ့
ပတ်ပျိုးသံတွေ .
ဗေသိုဗင်ရဲ့ ပဉ္စမမြောက် ဆင်ဖိုနီရဲ့
အလူးအလိမ့်တေးသွားတွေ
ငှက်ကလေးတွေရဲ့ ကြည်နူးချိုသာတဲ့
တွန်ကျူးသံတွေ
တငြိမ့်ငြိမ့် စီးဆင်းနေတဲ့
စမ်းချောင်းငယ်လေးရဲ့ စမ်းရေစီးသံတွေ
ဘယ်လို ချိုသာတဲ့ ဂီတသံစဉ်တွေကိုမျှ
ကြားနိုင်စွမ်းလည်း ကိုယ့်မှာ မဲ့ခဲ့ပါပြီ ။
ချစ်သူ …. မင်းရေးတဲ့ တစ်ကြောင်းမျှ ၀ါကျတို စာသားကို
ဖတ်လိုက်ရတဲ့အချိန်က စပြီး
ရှယ်လီရဲ့ ဂန္ထ၀င်အချစ်ကဗျာက
စကားလုံးလေးတွေ
နတ်သျှင်နောင်ရဲ့ ကျေးစေရတုထဲက
ထိရှမူးယစ်စေတဲ့ ကာရန်လှလှလေးတွေ
ဝီလျံရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလီယက်ထဲက
ရင်လှိုက်ဖိုဖွယ် နုနုရွရွ စာသားတွေ
ဆရာဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မယ်ခိုင်ထဲက
စွဲနစ်ဖွယ် အရေးအသားလှလှလေးတွေ
အို …. ဘယ်လို စာအရေးအသားလှလှလေးတွေကိုမှ
ဖတ်ရှုခြင်းငွာ ကိုယ်မစွမ်းသာခဲ့ပါလား ။
အသင်ချစ်သူ လောကကြီးကို ချုပ်ထားနိုင်တဲ့ ငါ့ရဲ့ ကဗျာလက်အစုံဟာ
မင်းကို ချစ်တတ်ခြင်း ရေးသီဖို့မှတစ်ပါး အခြားအရာများကို
ငြင်းဆန်ခဲ့ပါပြီ ။
ချစ်သူရယ် ကိုယ့်ရဲ့ ချစ်တတ်ခြင်း မြူတစ်မှုံ ဆံတစ်မျှင်စာမျှ
ရေးသီ ဖွဲ့ဆိုခြင်းငှာ ကိုယ် မစွမ်းသာခဲ့ပါလား ။
ကိုယ့်ရဲ ပေးဆပ်ခြင်းလင်္ကာ တစ်လုံး တစ်ပါဒ တစ်ဝါမျှ
စပ်ဆိုခြင်းငှာ ရေး မတတ်နိုင်ခဲ့ပါလား ချစ်သူ ….. ရယ် ။