Professional Authors

အနတ္တ သံဝေဂ – ဒီရေလှိုင်း

ကိုယ့်ရွက်ထိပ်ဖျားမှ
ခိုတွဲနေတဲ့ နှင်းစက်လေးကို
ကိုယ်ပိုင်ရတနာလို့ ထင်နေပေမဲ့
နေခြည်လည်းလာရော
မြက်ဖျားနှင်းလေးက
အငွေ့ပြန်သွားခဲ့တယ်လေ ။

မီးခွက်လေးထဲက ဆီကြောင့်
လင်းနေတဲ့မီးတောက်လေးကိုလည်း
ထာဝရအလင်းလို့ ထင်နေတယ်
ဆီလေးလည်းကုန်ရော
မီးတောက်လေးက ငြိမ်းသွားခဲ့ပြန်ရော ။

ကမ်းစပ်ကို ရိုက်ခတ်နေတဲ့
လှိုင်းလေးတွေကို
ကိုယ့်ရဲ့ အမြဲတမ်းလက်တွဲဖော်လို့
သတ်မှတ်ထားပေမဲ့လည်း
လေမတိုက် လမိုက်တဲ့အခါ
လှိုင်းလေးတွေက ကွယ်ပျောက်သွားလေရဲ့ ။

ကိုယ့်အနားမှာ ပျံဝဲနေတဲ့
လိပ်ပြာလေးကို
ထာဝရချစ်သူလို့မှတ်ယူနေပေမဲ့
ဝတ်ရည်လေးတွေ
ခန်းခြောက်တဲ့အခါ
လိပ်ပြာလေးက ဟိုးအဝေးကို
ပြေးရှာပါလေရော ။

ကောင်းကင်ထက်မှာ
ရွှန်းမြမြသာနေတဲ့
လမင်းလေးကို
ထာဝရအေးရိပ်အဖြစ်မှတ်ယူနေပေမဲ့
လမိုက်ညတွေ ရောက်လာတဲ့အခါ
လမင်းလေးက ကွယ်ခဲ့ပြီပေါ့ ။

ဘယ်အရာကို ကိုယ်အောင်နိုင်တာလည်း
ဘယ်အရာကို ကိုယ်ပိုင်ဆိုင်တာလည်း
ဘယ်အရာက ကိုယ့်အနားမှာ ထာဝရှိမှာလည်း
မသေချာ မရေရာတာကို
ကိုယ်ပါ လို့ အတွေးဆိုးနဲ့
မီးကို တိုးနေတဲ့
ကိုယ်ဟာ ပိုးဖလံမျိုး
အနတ္တ ၊ အနတ္တကို
အမှတ်ရအောင် …………..

                                                                            Tide

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment