ကောင်းကင်ထက်က ဖီးနစ်ငှက်တစ်ကောင် – ဒီရေလှိုင်း
နဂါးမှန်းသိအောင်
အမောက်မထောင်
ကြောက်ချင်ဟန်ဆောင်ခဲ့တာ
အခြောက်တစ်ကောင်လို့ မင်းထင်
ဂေါက်အသွင်
ဖောက်အမြင်နဲ့
ဟောင်ချင်တဲ့စကားနဲ့ ရိုင်းပြ
မင်းသမိုင်းက နိမ့်လှပါဘိ ။
ဓမ္မမေတ္တာမပွား ၊ ဘ၀အပြစ်အနာများ
ဒေါသတွေ အငြိငြိ ၊ သောကတွေအရှိရှိ
လောကအဖြည့်သမားမဟုတ် ၊ လေဘအပြည့်စကားအလုပ်
အမှိက်အမှားအတိနဲ့ အမြိုက်တရားမရှိ
ဘာမှ မသိတာကို
ငါက က၀ိသာဆို လို့ မင်းအထင်တရား
မောက်မာဝင့်ကြွား ၊ မင်းစကားနဲ့
မင်းနှလုံးသားကို ၊ အမှတ်မထားမိ
ငါသနားလိုက်ပါ၏ ။
ငါ့ကိုပိပြားအောင်
ဖိထားလို့ မင်းနှိမ့်ချလည်း
နိမ့်မကျလို့ ရုန်းထကာ ပိုရင့်ကျက်
တစ်ဆင့်တက်လို့
အမြင့်ထက်နန်းကို ၊ ငါအရောက်လှမ်း
လှသောပန်းများအတိနဲ့လေ ။
မင်းက မောဟမှောက်မိုက်နဲ့
င့ါကိုလောင်မြိုက်အောင်
လောင်တိုက်မှာ မီးရှို့လည်း
ငါက ပြာမဖြစ်
အချစ်မေတ္တာနဲ့ အကောင်းအစဉ်
အနှစ်သစ္စာနဲ့ အကြောင်းမြင်
ပေါင်းယှဉ်ကာ ကောင်းကင်မှာ ငါပျံသန်းလို့
တက်လှမ်းကာ ခရီးသစ်ဆက်
ဖီးနစ်ငှက်တစ်ကောင်
င့ါတောင်ပံတွေ လေမှာဖြန့်လို့နေ ။ ။