မာယာဘုရင်မသို့ …… – ဒီရေလှိုင်း
ငါဟာ ကစားစာရာအရုပ်မဟုတ်
နင် တခြားမှာ ရှုပ်ချင်ရှုပ်ပါ
သနားစရာ လာမလုပ်ပါနဲ့
မာယာချိုရယ် ။
မယိုင်လဲစွာ
ခိုင်မြဲစွာ ချစ်တဲ့င့ါကို
အနိုင်နွှဲကာ အာဃာတ အမုန်းစွဲလို့
အခါခါချ ဗုန်းကြဲသလို
ဝုန်းကနဲ အလစ်လိုက်
အငိုက်မိလို့
အရှိုက်ထိကာ အကွဲကွဲကြေကြေ
သေမတတ်အောင် ငါခံစားချိန်မှာ
အဖော်တခြားနဲ့ ပျော်ပါးလို့
အ၀ါးဝါး တဟားဟား နဲ့လေ ။
ငါ့ကဗျာအလွမ်းရင့်ရင့်ကို
ကျွမ်းတမျှင့်မျှင့်ခံစား
နှလုံးသားမှာထိန်းမရ ဝေဒနာထိုထိုနဲ့
အခါခါငိုတယ်သွားတယ်လို့ နင်ဆိုတာ
အချိုပျားအောက်က တမာခါးခါး
အပိုစကားတွေပါ မာယာချိုရယ် ။
စွဲစွဲမြဲမြဲ အချစ်နဲ့သူကို
အလွဲလွဲအပြစ်ဖွဲ့ အပူ မုသားစကားတွေနဲ့
ပြုစားထားခဲ့တာလည်း
ခုများချိန်မှာ
ကုစားနိုင်ခဲ့ပြီမို့
ငါ့ဒါဏ်ရာ အတွင်းကြေဟာ
အကင်းသေတဲ့အနာကို
အပျင်းပြေ လာမဆွပါနဲ့တော့
မာယာချိုရယ် ။
ဖြူစင်စွာချစ်ခဲ့သူကို
အပူပင် အပြစ်ဖွဲ့ကာ
ညစ်တဲ့ အဆူဝေဒနာပေးလို့
မာယာပြဇာတ်မှာ
မစာနာတဲ့ အမှတ်နဲ့
အခါခါကတတ်တဲ့
မာယာချိုရယ်
ငါကအရှေ့ ၊ နင်ကအနောက်
တစ်ယောက်ယောက်က မဖောက်သရွေ့
နောက်တစ်ကွေ့ကွေ့မှာ
ပြန်တွေ့နိုင်ပေမဲ့
အမှန်မေ့ကာ နောက်တစ်ချစ်နဲ့
ဖောက်ပစ် အသစ်ရှာ
နင်အခါခါ ပျော်ခဲ့ပြီမို
ငါ့ဘ၀ခရီးမှာ
မီးလောက်ပူလို့
ထီးပျောက်နေပါစေ
စည်းဖောက်သူတော့ အဖြစ်မခံနိုင်တာမို့
အညာညာ အပိုနဲ့
မာယာချိုရယ်
လာလာ ငိုမပြနဲ့နော် ။
လာလာ ပိုမပြနဲ့နော် ။ ။