နွေးငယ် (ဥတ္တရာအောင်)
“နွေးငယ်…နွေးငယ်…နွေးငယ်”
အခန်းထဲမှာ ငါတစ်ယောက်တည်းထိုင်ရင်း
မင်းနာမည်ကိုရွတ်ပြီး ငိုင်နေတယ်
ရင်ထဲက အချစ်ရေးဟာ မငြိမ်မသက်
မြတ်မြတ်နိုးနိုးမျက်စိနဲ့ မက်မက်မောမောကြည့်နေဖို့ကလွဲရင်
ချစ်တတ်သူရဲ့ နားဝကိုပဲ ငါပြောချင်ပါတယ်။
အရက်စက်ဆုံး ချစ်စိတ်လောင်ကျွမ်းနေသမျှ မေ့လို့ကိုရမှာမဟုတ်ဘူး
အနူးညံ့ဆုံး ပူလောင်နေသမျှ ကျောခိုင်းလို့ကိုရမှာမဟုတ်ဘူး
မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး
ရှိသမျှမနက်ဖြန်များစွာမှာ မင်းကိုချစ်မြဲချစ်နေပါရစေ
မင်းရဲ့ အနီးတ၀ိုက် တစ်နေရာမှာ
ချစ်လွန်းလို့ ကြေကွဲစွာ ငါလှဲနေတယ် “နွေးငယ်”
ငါ့မျှော်လင့်ချက်တွေ အရောင်မလက်နိုင်မှန်း ငါသိပါတယ်
ငါ့အိပ်မက်တွေ ၀ူးဝူးဝါးဝါး ထမပွင့်နိုင်မှန်း ငါသိပါတယ်
ငါ့အပျော်တွေ ဟေးလားဟားလား ဖြစ်မလာနိုင်မှန်း ငါသိပါတယ်
ငါဟာ
မလိုအပ်ရင် ဘယ်သံချွန်ကိုမှ နေရာမပေးတတ်တဲ့ သစ်သားကလေးပါ
ခုတော့…မင်းရဲ့  ချစ်စရာဟန်ပန်လေးက ငါ့အသားထဲစိုက်ဝင်လို့
ငါမင်းကို နေရာပေးမိပြီ “နွေးငယ်”
ဒါကြောင့်
အခန်းထဲမှာ ငါတစ်ယောက်တည်းထိုင်ရင်း
မင်းနာမည်ကို ရွတ်ပြီး ငိုင်နေတယ်
ဒါကြောင့်
မင်းပေးမယ့် အမုန်းကို အပြုံးလို့အမည်တပ်
မျှော်လင့်ချက်တွေ အရောင်လက်လာမယ့် တစ်နေ့ကိုပဲ
စိတ်ကူးယဉ် စာလုံးပေါင်းနေလိုက်တော့မယ်…။
ဥတ္တရာအောင်
Credit:: ခေတ်ကျန်ကဗျာများ
Comment #2
like so much both title & poem
Comment #1
super like,
super like
super like