ခရီးသွားနေ့နံများ ၊ မင်းထက်ညိမ်း
“ခရီးသွားနေ့နံများ”
မင်းထက်ညိမ်း
*ဘ၀၀င်္ကပါထဲ
ခြေရာတွေ ခြေချင်းလိမ်နေတဲ့ လမ်းပေါ်
ငါ ကျပျောက်သွားတယ်။
*ဆူနာမီ ငလျင်လှိုင်းလုံးကြီးများ
ဖောင်းပွလာတဲ့မြို့ပြဧည့်ခန်းများ
ရှုပ်ထွေးနေတဲ့ လူမှုကွန်ယက်များ
မထီလေးစား လူဖြစ်နေသူများ
ပွန်းပဲ့ ပေါက်ကွဲလွယ်တဲ့ အမှေးပါး ပူဖောင်းများ
ချစ်တတ်သူတို့ရဲ့ အသည်ကွဲဇာတ်လမ်းများ
အစရှိသဖြင့်
လောကထဲ နာမည်ရလာသည့် နောက်ထပ် အသစ်များ…။
*မေတ္တာတရားဟာ
ဆိုက်ကပ်စရာ ကမ်းပျောက်နေပုံပဲ။
ခေါ်သံ တချို့
သဲ့သဲ့ကြားနေရတယ်။
မနက်ဖြန်ဟာ
အ၀တ်ကြိုးတန်းပေါ်မှာ ချွေးသံတလုံးလုံး။
အမြဲတမ်း
အစီစဉ်မဲ့ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းပမာ။
အတုယူစရာ
သင်ခန်းစာက
သိပြီးသား အဟောင်းအတိုင်း။
ခရီးစဉ်ဟာ
လွန်းထိုးနေတယ်။
ဘ၀အပေါ်
သွားလိုက်ပြန်လိုက်။
ငါ့ ခရီးသွားနေ့နံများ
“ဒူး” တို နေပြီ။
ရှေ့တစ်လှမ်းတိုး
နောက်နှစ်လှမ်းဆုတ်
ခရီးတွင်ခဲ့ပေါ့ ..၀င်္ကပါ..
*ဟောဒီမှာ
လေဆိပ်စစ်ဆေးရေးဂိတ်ဝများ
ဘူတာရုံများ
လမ်းမပေါ် မေးတင်နေတဲ့ ပလက်ဖောင်းများ…
ငါ့မှာ ရှန်တိန်ခေါင်းလို
ခရီးမတွင်ဘဲ ခေါက်တွန့်ခေါက်ပြန်
ကြိုးစားရုန်းကန်ခြင်းထဲ ခြေချော်နေပြီ။
*စိတ်နံရံပေါ်က
ပြတင်းပေါက်ကို တွန်းဖွင့် လိုက်တဲ့အခါ
ငါ့ ခရီးသွားနေ့နံများ…..
ဘွဲ့ရ၊
ပြန်တမ်းဝင်အရာရှိမှ မိမိသဘောဆန္ဒဖြင့် နှုတ်ထွက်ခွင့်ရ
အိမ်ထောင်မရှိ
ဘဏ်စာအုပ်မရှိ
အနာဂတ်မရှိ
မရှိ…မရှိ….မရှိ..
စသည်ဖြင့်…
လွင့်….၀ဲ….ဖိတ်…..စဉ်…ခဲ့ပေါ့
အ..ဆုံး…အ..စမဲ့…နေရာ….။ ။
မင်းထက်ညိမ်း
beauty မဂ္ဂဇင်းတွင် “မင်းချိမ့်သီ” ကလောင်အမည်ဖြင့် ရေးသားခဲ့သော “ခရီးသွားနေ့နံများ” ၀တ္ထုတိုမှ ခေါင်းစဉ်အားပြန်လည်အသုံး
ပြုခြင်းဖြစ်ပါသည်။