မိုးသုံ့ပန်း
အနမ်းယောင်ဆောင်ပြီး
အလွမ်းကို အဆိပ်ခတ်ခံရတာ
နှလုံးသားကတောင်
မုသားဆန်တဲ့ အချစ်တွေအတွက်
သူ့ ကိုယ်သူ စိတ်နာနေရောပေါ့ ။
မိုးယောင်ဆောင်ထားတဲ့
နွေကို မုန်းတယ် ။
အရှုံးပေးထားတဲ့ စစ်ပွဲမှာတောင်
မရမက အနီကတ် ပြချင်သေးရင်
ပွဲပယ်ခံရတဲ့ သုံ့ပန်းအဖြစ်က
သုည ကိုမော့ကြည့် ရသလို
အချစ်ကို
အနုတ် ဒီဂရီနဲ့ ပြန်စားခံရခြင်းပေါ့ ။
မိုးယောင်ဆောင်ထားတဲ့
မိုးကို မုန်းတယ်။
သံယောဇဉ် ကို
အဆုံးစီရင်ခြင်းမှတစ်ပါး
နှလုံးသားမှာ လိပ်ပြာတစ်ကောင် လာနားခဲ့ရင်တောင်
( အဲဒီ လိပ်ပြာဟာ )
မိုး ဖြစ်နေမလားပဲ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service