ဇာတ်ကောင်မပါတဲ့ ဘဝပုံရိပ်
ဇာတ်ကောင်မပါတဲ့ ဘဝပုံရိပ်
အရပ်လေးမျက်နှာ နံရံတွေနဲ့ ပိတ်ထားတဲ့
ကာရံ လှောင်ချိုင့်တွေထဲ ဖိတ်ကျသွားခဲ့တဲ့
ဒဏ်ရာ သွေးချိုချို တစက်ကို
သန့်ရှင်းဖို့ဆိုတာ လွယ်ကူတဲ့ အရာမှ မဟုတ်တာ..။
လေးလွန်းတဲ့ ပစ္စည်းတစ်ခုကို
ခေတ်သစ်နည်းပညာတွေနဲ့
သယ်ဆောင်ဖို့ လွယ်ကူပေမဲ့
ကျလာတဲ့ မျက်ရည်တစက်ကို
ကူသယ်ဖို့ မလွယ်ကူတာ သံသရာတခွင်ပေါ့..။
သံသရာတခွင် လျှောက်လှမ်းတဲ့ ခရီးရှည်ထဲ
နေဝင်တာ အကြိမ်တစ်ရာမကတော့ဘူး…
ဘဝဆိုတာ တဖြေးဖြေး အိုလာပြီ…
ပြန်မလာတော့တဲ့ ခြေရာတွေပေါ်..
ဖိတ်ခေါ်လို့ လာနေတာက ဘယ်သူတွေလဲ
ကြွေးသစ်ချတဲ့ အသစ်တွေလား…။
ခုတ်ရာတခြား ထစ်ရာတခြားနဲ့
ဖြစ်တတ်တဲ့ ဘဝဝန်းကျင်မှာ
အမိုက်မှား လိုက်စားတတ်တာ
အကြိုက်ခြင်း မတူဘူး
လောဘကြီးမယ်…
ဒေါသကြီးမယ်…
မောဟကြီးမယ်…
ကာလဝိတက်တွေက
လာပါ သူငယ်ချင်းလို့
ကြွေးဟောင်းဆပ်ဖို့ ဖိတ်ခေါ်နေတယ်
အဲဒါတွေက ဘဝရဲ့ အမှား သီအိုရီ တစ်ပုဒ်ပဲပေါ့..။
ဒါပေမဲ့….
ပလေတို ရဲ့ ဝါဒလည်း မဟုတ်ဘူး..
ဒါဝင် ရဲ့ သီအိုရီတွေနဲ့ မဆိုင်ဘူး…
အိုင်းစ်တိုင်းလ် ရဲ့ သိပ္ပံနည်းလည်း မဟုတ်ဘူး…
နယူတန် ရဲ့ နိယာမလည်း မပါဘူး…
အစဉ်လာ မိုက်ခ် ခွက်ထဲ
သွင်းလောင်းလိုက်တဲ့ သကာရည်လည်း မဟုတ်ဘူး..
တယူသန်ရာ အစွဲကပ်တဲ့
ဥပါဒန်ရဲ့ သားကောင်းလည်း မဟုတ်ဘူး…
ဘဝကို သရုပ်ဖော်တဲ့ ကံတရားရဲ့ လုပ်ဆောင်ချက်ပေါ့…။
ဒီမှာ….
ဘဝသစ်တစ်ခုကို လေးတော်တင်ဖို့
စွန့်စားခန်း ဝင်လာခဲ့လို့
ဟန်ချက်ညီဖို့ဆိုတာ
ဘဝပေါ်က ရရှိလာတဲ့
လက်ချောင်းလေးတွေက မတူညီကြဘူး..
ဒါပေမဲ့… မကြာခင် ပစ်ချရတော့မည့်…
အတိတ်ရဲ့ သန္ဓေ ပစ္စုပ္ပန်ရဲ့ သားကောင်ဟာ
အနားကပ်လာတဲ့ အနာဂတ်မှာ မွေးဖွားလာအုန်းမယ်..။
တွေဝေမနေပါနဲ့…
ရင်ခွင်မှာ လွယ်မွေးထားတဲ့
အတိတ်က ဘဝ အဘိဓမ္မာရယ်..
ပစ္စုပ္ပန်က ဘဝအဘိဓမ္မာရယ်…
အနာဂတ် ဘဝ အဘိဓမ္မာတွေ အရ
ရလာတဲ့ လွတ်လွတ်လပ်လပ် အရှုံးတွေသာပေးခဲ့ရတော့
အသိဝင်လာတဲ့ ဒီတခွင် ဘဝလွင်ပြင်မှာ
လွတ်လွတ်ကျွတ်ကျွတ် လက်ရုံးတော် အမှန်တရားနဲ့
အောင်ပန်းကို ဆုခူးချင်စမ်းရဲ့..။
တက္ကသိုလ်မြတ်မင်း