လောကနန္ဒာ ဆိပ်ကမ်းမှာ (ဇော်ဂျီ)
ညီသစ်ဆင်း
ပြည့်လင်းဧရာ၊ ဆိပ်ကမ်းသာသို့ 
ငါလည်းရောက်ဖူး၊ ဦးချဖူး၏
ကမ်းနဖူးက၊ ကြာဖူးလှသို့ 
လောကနန္ဒာ၊ စေတီမှာတည့်
ဝဲယာဝန်းကျင်၊ မိုးကောင်းကင်နှင့်
မြင်လေရာရာ၊ လွမ်းစရာတည့်
နန္ဒာအောက်နား၊ မြစ်ကမ်းပါး၌
လာသွား ညာကြေ၊ ရွက်စုံလှေတို့ 
ရေစပ်မှာ ဆိုက်၊ ကြက်တောင်စိုက်တည့်
လိုက်ထိုက်ဆက်သွယ်၊ ကုန်ဖလှယ်သည်
ရယ်ကြ မောကြ ပျော်လိုက်ကြ။
နန္ဒာလောက တက်ဖူးကြ။
ငါရောက်စဉ်က မျက်မြင်ပါ့။
ငါမြင်ခဲ့ရ ဆိပ်ကမ်းအလှ။
မင်းမြင်သမျှ ပြောစမ်းပါ့။
နောင်ချစ်ညီခင်၊ ရောက်ခဲ့စဉ်က
မျက်မြင်ပြောရ၊ မထူးလှတည့်
ထက်က နန္ဒာ၊ အောက်မှာ ဆိပ်ကမ်း
ရွက်လှေတန်းတည့်
ပဲ နှမ်း ထန်းလျက်၊ အညာထွက်ကို
ကြေထွက် စပါး၊ ငါးပိ ဆားနှင့်
လဲစား ရောင်းဝယ်၊ ကုန်ဖလှယ်သည်
ရယ်ကြ မောကြ မြင်ခဲ့ရ။
ဘုရားတက်ဖူးကြ မြင်ခဲ့ရ။
အိုဘယ့်အစ်ကို မြင်သလိုပ့ါ။
သို့ ပါကတဲ
စိတ်ထဲရွှင်ကြည်၊ နောင်ကြီးညီ၌
ထူးသည်ဆိုစရာ၊ ရှိခဲ့ပါ၏
ပေါက္ကာရာမ
သိကြကျော်ကြား၊ မင်းနှစ်ပါး၏
ထောင်လွှား မာန်ဟုန်၊ ရာဇဂုဏ်တည့်
ဂုဏ်ညှိုးစရာ၊ ကြုံကြပါလည်း
ပြည်ရွာစိုးရ၊ မင်းမာနကို
ချတက်ချိန်မီ၊ သိလိုက်သည်တွင်
ထူးပြီအလှ ညီ့စိတ်က။
မင်းတစ်ပါးမှာ၊ နော်ရထာတည့်
လင်္ကာဒီပ၊ သီဟဌမှ
ဆက်သလိုက်သား၊ စွယ်တော်ပွားကို
ပင့်သွားနာဝါ၊ ရေယဉ်သာသည်
ဧရာကမ်းခွင်၊ ဆိုက်မည်ပြင်၏
ပြည့်ရှင်စောထီး၊ မင်းမာန်ကြီးနှင့်
ဆင်စီးကာသာ၊ ဆီးကြိုလာသော်
ရေမှာဆင်းသက်၊ ဦးထိပ်ရွက်မှ
ဆက်သနိုင်မည်၊ ဟန့် လိုက်သည်တွင်
ကြည်ကြည်သာသာ၊ နော်ရထာသည်
သဒ္ဒါစိတ်ရင်း၊ ရေသို့ ဆင်းသည်
မငြင်းနှိမ့်ချ သူ့ မာန။
ဦးထိပ်ရွက်၍ လက်ခံပြ။
နှိမ့်ချမာန၊ ရွှန်းပသဒ္ဓါ
ပွင့်လင်းလာသည်
နန္ဒာလောက ဆိပ်ကမ်းမှ။
ညီမြင်ခဲ့ရ ဆိပ်ကမ်းလှ။
ထို့ နောက် ဒုတိယ
နရပတိ၊ မင်းအလှည့်တည့်
မင်း၏ဆရာ၊ မဟာထေရ
စာရိတ္တနှင့်၊ သီလပြည့်သူ
ပံ့သကူတည့်၊ သူမြတ်မိန့် ဟ
ဆုံးမပြတ်သား၊ ဆိုစကားကို
မင်း နား မနာ၊ မင်း ခေါင်းမာ၏
ထိုခါ မထေရ်၊ ပုဂံမြေ၌
မနေလိုပြီ၊ သီဟိုဋ္ဌ်ဆီသို့ 
ကြွချီတော့မည်၊ သို့ ကြံစည်၍
စေတီနန္ဒာ၊ ဆိပ်ကမ်းသာသို့ 
ဆင်းလာ အားပြ မထေရ်က။
သင်္ဘော သီဟဋ္ဌ စောင့်ရန်ပါ့။
မဟာထေရ၊ အင်အားပြ ဟု
နရပတိ၊ စောဘုန်းရှိသည်
သိလျှင် သိချင်း၊ သတိကင်း၍
ထန်ပြင်းထိန့် လန့် ၊ ကြက်သီးပြန့် ၏
မသန့် လိပ်ပြာ၊ တုန်လှုပ်လာ၏
ငါ့ရွာ ငါ့မြေ၊ ငါ့တောခြေနှင့်
ငါနေစံမြန်း၊ ငါ့ရွှေနန်း၌
ဆွမ်းမခံရ၊ ရင့်သီးလှ ဟု
မာန စကား၊ ဆိုမိမှား ဟု
တရားကိုမြင်၊ ဆရာရှင်ကို
ခုပင် ပင့်ချေ၊ မင်းချင်းစေသည်
မထေရ်ပြန်ကြွ မေတ္တာပြ။
နှိမ့်ချမာန၊ အေးမြ မေတ္တာ
ပွင့်လင်း လာသည်
နန္ဒာလောက ဆိပ်ကမ်းမှ။
ညီမြင်ခဲ့ရ ဆိပ်ကမ်းလှ…။
ဇော်ဂျီ
(ရှုမ၀၊ သြဂုတ်၊ ၁၉၈၅)
Comment #1
Simply cutie poem.