ပွင့်လှရွာရဲ့ အိပ်မက်တံတား – ဒီရေလှိုင်း
ရာဇ၀င်မှာ ပန်ထွာဘုရင်မ တစ်ပါး
အထင်အရှား နန်းစိုက်ခဲ့တဲ့မြို့
စာပေစင်မြင့်မှာ
ပေလေးပင် ရှင်လေးပါးတို့
ထွန်းလင်းကျော်ကြားခဲ့တဲ့မြို့
စာပေလူကြမ်းမင်းသား
ဦးအောင်သင်းရဲ့ မြို့တောင်တွင်းပေါ့ ။
ဒီတောင်တွင်းရဲ့ မနီးမဝေးနေရာမှာ
ရွာလေးရဲ့အမည်က ပွင့်လှတဲ့
ဒီပွင့်လှရွာလေးမှာ
ချစ်စရာ ရိုးသားဖြူစင်တဲ့
ရွာသူ ရွာသားများရှိရဲ့
အနာဂတ်မှာ တောက်ပမဲ့အလျှံရဲရဲ့
ပညာမီးကျီခဲလေးများလည်းရှိရဲ့
တောင်သူ လယ်လုပ် ဓါးမခုတ်နဲ့
အလုပ်ကိုကြိုးစား နိုးကြားနေတဲ့သူတွေလည်းရှိရဲ့ ။
ဒီရွာလေးက မြို့တောင်တွင်းကြီးနဲ့
ခရီးဘယ်လိုနီးသော်လည်း
စည်းလေးကခြားလေးဝေး
တောင်ကျချောင်းလေးက တားထား
အများကြီးခြားခဲ့တယ်။
တောင်ခြေမှာ မိုးညို့ရင်
ပွင့်လှရွာသားများ ရွှေရင်ဆို့
တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ စီးနေတဲ့
ရိုင်းလှတဲ့ တောင်ကျချောင်းရေက
သူတို့လေးတွေရဲ့ ပညာရေး
ရင်မှာမအေးလို့ အတွေးခက်
ဒီနေ့များကျောင်းပျက်တော့မလား
ချောင်းရေတက်မှာ အသက်ပါပေးရမတတ်
ဘေးရကြတဲ့ ကလေးတို့ဘ၀တွေ-
ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်မဲ့သူတွေလည်း
အခက်ကြုံ ၊ ဒီနေ့ဆွမ်းချက်ထားတာလေးကိုလည်း
ကောင်းလှူမှုမပြုရ ကုသိုလ်ရေးခက်ပြီပေါ့
အလုပ်ခွင်ထွက်မဲ့သူတွေလည်း ဒီနေ့တော့ပျက်
ဒုက္ခတွေဆက်ပြီးဆက်-
ဒီချောင်းလေးအတွက်ပေါ့ ။
ဒီချောင်းလေးကို ကျော်လွှားမဲ့ တံတားတစ်ခုနဲ့ဆက်ဖို့
သူတို့တွေက အိပ်မက်မက်နေခဲ့ပေါ့ ။
ဒီလိုစည်းလေးတားတဲ့ ချောင်းလေးကို
အများနင်းဖို့ တံတားလေးတစ်စင်း တို့တွေဆောက်ရင်
သူတို့လျှောက်မဲ့လမ်း ဘယ်ပင်ပန်းတော့မှာလည်း
တို့လက်တွေနဲ့ ဒီတံတားကိုဆက်ရင်
သူတို့မခက်မခဲ ၊ အိပ်မက်များ တကယ်ဖြစ်
ဘယ်လောက်အပျော်တွေဖြစ်ကြမှာလည်း –
ပွင့်လှရွာသားများရဲ့ ဘဝ
ဒုက္ခတွေကင်း ၊ ပိုပြီးလှလို့လင်းအောင်
သူလည်းဝိုင်းကူ ၊ ကိုယ်လည်းထူမ
ပရဟိတ ၊ နှလုံးအလှနဲ့
ဒီအိပ်မက်တံတားလေးကို
ချက်ခြင်း အသက်သွင်းကြ
ကောင်းကင်ထဲက မောင်နှမတို့ ————-။ ။
Comment #1
သူတို့လေးတွေရဲ့ ပညာရေး
ရင်မှာမအေးလို့ အတွေးခက်
ဒီနေ့များကျောင်းပျက်တော့မလား
ချောင်းရေတက်မှာ အသက်ပါပေးရမတတ်
ဘေးရကြတဲ့ ကလေးတို့ဘ၀တွေ-
ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်မဲ့သူတွေလည်း
အခက်ကြုံ ၊ ဒီနေ့ဆွမ်းချက်ထားတာလေးကိုလည်း
ကောင်းလှူမှုမပြုရ ကုသိုလ်ရေးခက်ပြီပေါ့