ရင့်ကျက်မှု ဘဝပညတ်မှ တစ်ပါး
ရင့်ကျက်မှု ဘဝပညတ်မှ တစ်ပါး
ကမ်း မမြင် လမ်း မမြင်နဲ့
လှိုင်းကြမ်းတွေ ခစား
မုန်းတိုင်းတွေ ရိုက်ခတ်
သူစိမ်းဆန်ဆန် ခရီးသွားရတဲ့
ရေစီးကြမ်းတဲ့ မြစ်ပြင်ကျယ်ကို ဆန်တက်လို့
လောကဓံရဲ့ ဝိညာဉ်တွေဟာ
ဘဝတွေကို ခပ်ကြမ်းကြမ်းနဲ့ သယ်ဆောင်နေပါလား..။
အကြောင်း အကျိုး နှစ်တန်ရဲ့ ရာသီဥတုထဲ
အတွေး အာကာပြင်မှာ ကိုယ်လိုရာ ခံစားချက်နဲ့
ဘဝပုံရိပ်တွေကို တည်ဆောက် ဖန်တီးရင်း
အသားမကျသေးတဲ့ အရိပ်မဲ့ ဆန္ဒတွေက
တစ်ခါတရံ မင်သက်သက် အပြုံးမိုးစက်
တစ်ခါတရံ ခါးသီးတဲ့ အမုန်းမိုးစက်တွေနဲ့
လောကဓံ မြစ် ချောင်း အင်း အိုင်ထဲ
စီးဆင်း ဝင်ရောက် ခရီးသွားနေပါရဲ့…
အထက် အိုဇုန်းလွှာကိုမှ ခေါင်းပေါက်ရတယ်လို့…
တကယ်တော့…
ပုဝါတကမ်း အနာဂတ်ခြေလှမ်းတဲ့
ဘဝဆိုတာ…
ကောင်းကင်ကြီးရဲ့…
အိုဇုန်းလွှာ အမိုးဖာတဲ့ တနေ့မှ မဟုတ်တာ..။
သဘာဝ အာကာပြင်မှာ
ဝါယာတွေ ပူးကပ်လို့
လျှပ်စီးတွေ တိုက်ခိုက်
ကြယ်တွေ မလင်းလက်တဲ့
စကြာဝဠာ အမှောင်တိုက်ရယ်….
မာကျူရီ မလင်းလက်တဲ့ လမိုက်ညရယ်…
လွှမ်းမိုးနေတဲ့ အတွေး မိုးညိုတွေက
ငါ့စိတ်မှာ ပိတ်ဖုံးနေပါရဲ့…
ဘဝ အကာကွယ် မရှိတဲ့
အပေါ်ယံ မျက်နှာစာမှာ
ခါးသီးသော မိုးတွေ ရွာသွန်းနေဆဲပေါ့..။
ဘဝရဲ့ ကြီးလေးသော သောကတွေကို
မောင်းချဖို့ ဘဝ အထိမ်းမှတ် မိုးစက်တွေ
စက္ခုနှစ်ကွင်းရဲ့ ကောင်းကင်ယံမှာ
ထစ်ချုန်း ရွာချလိုက်တယ်…
ဒါပေမဲ့…..
ခဏတိုင်း လွယ်ထားရတဲ့
သန္ဓေမျိုးဆက် တစ်ခုဟာ
ဘဝအတွက် မှတ်တိုင်တစ်ခု အနေနဲ့
ထာဝရ သက်သေခံ ပစ္စည်းမှ မဟုတ်တာ..
တကယ်တော့ ဘဝဆိုတာ
အပြုံးတွေ ရွာချလိုက် အမုန်းတွေ ရွာချလိုက်နဲ့
ဖီးစီးနေတဲ့ သဘာဝ ရေကြီးမှု တစ်ခုပေါ့…။
ဒီလိုနဲ့…
ဘဝ နက္ခတ်တာရာ တွက်ကိန်းထဲ
ကြယ်ကြွေတဲ့ ညတွေကို ရေတွက်
ခရီးဆက်နေတဲ့ နေ့စဉ် ဘဝထဲကို
လောကဓံ အရိပ်တွေ ထိုးကျလာတိုင်း
ခံစားချက် စာမျက်နှာကို ရွတ်ဖတ်ခဲ့..
အတွေးခေါ် မရှိတဲ့ ဘဝ ဝန်းကျင်ထဲ
အတ္တစံအိမ်ကို တည်ဆောက်ရင်း
မဖြောင့်တန်းတဲ့ လျှောက်လှမ်းချက်တွေက
မီးကျီးခဲတွေကို နင်းလျှောက်သလိုဖြစ်ခဲ့..
ဒါပေမဲ့….
ဘဝ တစ်ခုရဲ့ လွတ်လပ်မြောက်ရာ ကျွန်းမှာ
ပြန်လမ်း မရှိ ကွေ့ကောက်နေဆဲ…။
နှစ် လ ရက်စွဲတွေ ကုန်လွန်လှပြီ..
ဆေးစက်ကျရာ ပန်းချီဆွဲရတဲ့ ဘဝကလည်း
ရောင်စုံ ပန်းချီကားချက်အောက်မှာ
အစွမ်းကုန် လှပနေပါရဲ့…
လောကဓံ မျက်နှာစာ ရှစ်ခုထဲ
တိုက်ဆိုင်မှု မျက်နှာစာ တစ်ခုက
လေတိုက်မှ ကြွေလွင့်ရတဲ့
ပန်းတစ်ပွင့်ရဲ့ လေချိုသွေးမှုဟာ
ခေတ်တွေကို ဘဝပန်းချီကားထဲမှာ
သယ်ဆောင်နေပါရဲ့…
တကယ်တော့…
ဘဝဆိုတာ ကွက်လပ်ဖြည့်တိုင်း
အန်ကျလို့ ရနိုင်တာ မဟုတ်တာ…။
မိုးစက်တွေ ငိုနေကြတဲ့ စကြာဝဠာထဲ
မွန်းကျပ်ကျပ် ဘဝကို တည်ဆောက်
လောကဓံ စည်မျဉ်းများနဲ့ အတူလျှောက်ရင်း
အတိတ် တံတိုင်းတွေကို ကျော်ဖြတ်
လက်ရှိ ပစ္စုပ္ပန်ရဲ့ ခွန်အားတွေကို အသုံးပြုလို့
ဘယ်တော့မှ မမျှော်လင့်ခဲ့တဲ့ နေ့တနေ့ရဲ့
အနာဂတ် နေရောင်ခြည်အောက်မှာ
ဘဝ ဝိညာဉ် ပုံရိပ်တွေ ထင်ဟက်ရင်း
ပါရမီ ရင့်ကျက်လို့ ပန်းတိုင်ရောက်ခဲ့ပြီပေါ့…။
တက္ကသိုလ်မြတ်မင်း