Professional Authors

ချူးချူးကို ချစ်ဖို့အရေး

အိဖြူကို ဘယ်သွားထားမလဲ၊ လှည့်ဖျားလိမ်ညာထားလို့ရသည်ထားဦး
ချူးချူးကို ဖွင့်ပြောရဲပြီလား၊ ညီမလေးလိုချစ်ကြောင်း ပြောပြီးပြီ၊ 
နှုတ်ခမ်းနီမလေး အကြိုက်တွေ အများကြီး ပြောပြီးပြီ၊ 
ယောင်္ကျားဘက်က မာယာတွေလည်း ကုန်သလောက် ရှိသွားပြီ၊ 
ရိုးရှာတယ် ပြောမလား လည်လွန်းအားကြီးတယ် ဆိုမလား၊ 
ဟုတ်ကဲ့ ဟုတ်ကဲ့ပါနဲ့ အင်းနဲ့ အဲပဲလုပ်တယ်၊ 
အဲဒါက လူကို ဆယ်ကျော်သက်လို ပြန်ရူးစေတယ်၊ 
ရှေ့ဆက်မတက်ရဲတဲ့ အကြောင်းအရင်းတွေထဲမှာ 
ဒီမြို့အနေအထားမှာ လုပ်ငန်းရှင်အကြီးကြီး မဟုတ်တောင် 
လူငယ်ဓနရှင်လောက်မှ မဟုတ်ရင် 
ယောင်္ကျားတစ်ယောက်ကို ချစ်ခင်တယ်ဆိုတာ ချယ်တီထဲမှာပဲဖြစ်မှာ၊ 
ဂျီတော့ခ်ထဲက စကားလုံးတွေ အပေါ်မှာ သာယာမလို့လား အယ်လ်ပီကဗျာဆရာ၊ 
ဟားဟား၊ ငါငိုချင်လာတယ်၊ 
ငါ့ဇာတ်လမ်းကလည်းကွာ ပဒေသရာဇ်ခေတ်က မတက်သေးပါလား 
မိုက်ရိုင်းရိုးစင်းလှချည်လား၊ ငါသိပြီ၊ 
ငါ့လုံးချင်းကဗျာစာအုပ်နှစ်အုပ်က ကုတ်နဲ့ဘာဂါတစ်တွဲလောက် 
သူမ ဟာ့တ်ကို မထိရောက်စေတာ အံ့ဖွယ်သုတ ငါ သိရပြီ၊ 
ဒီနေ့ချစ်တယ် ပြောပြီးရင် မနက်ဖြန်ရရာ အလုပ်ဝင်လုပ်ပေတော့၊ 
ဂူဂဲလ်က ငါ့နာမည်ကို သိနေတာ အသာထား၊ 
စာအုပ်ပေါ် ပုံနှိပ်ဖေါ်ပြပြီးရင် အီးဘွတ်ဘလော့တွေပေါ် ရောက်ပြီးသားဖြစ်နေတဲ့ 
ငါ့အောင်မြင်မှုတွေ ခဏဘေးချိပ်ထား၊ ငါ့လုပ်ငန်းအတွေ့အကြုံကို မေးနေတာ 
ငါ့အရည်အချင်းကို သိချင်နေတာ ငါ့ရာထူးအဆင့်အတန်းကို စိတ်ဝင်စားနေတာ၊ 
ဘာတဲ့ လက်ရှိအလုပ်အကိုင်ရှိမရှိ သိချင်တာ ဟုတ်လား၊ 
ဟားဟား ရတာပေါ့၊ သိပ်ရတာပေါ့၊ 
ဘယ်ကုမ္ပဏီမှာ လစာဘယ်လောက်နဲ့ ဘလာဘလာဘလာပေါ့၊ 
ဖုတ်ပူမီးတိုက် မျက်နှာလေး လေးငါးထောင်ဖိုးပြေးသစ်၊ 
ဒိုက်အကြိမ် လေးဆယ်လောက်ကောက်ထိုး၊ 
(ခပ်ပေါ့ပေါ့ ပေါ့ပ်မြူးမြူးမြူးဇစ် ဆောင်းဘောက်နဲ့ဖွင့် မုဒ်သွင်းထား) 
ရေမိုးချိုး မီးကြွေအိုးထိုးပြီး ဈေးလည်းကြီး သစ်လည်းသစ်မှတော့ 
ဆွဲဆောင်မှု မရှိမှာ စိတ်ပူစရာ မလိုတဲ့ ရှိစုမဲ့စု အဝတ်တစ်စုံ ကောက်ဆင်ပြီး 
တမင်တကာ အကွက်ချ ကြံစည်ပြီး တိုက်တိုက်ဆိုင်ဆိုင် 
အင်တာနက်ဆိုင်လာချိန် မျက်နှာချင်းဆိုင် တွေ့ကြသလိုလို ဘာလိုလို 
“ဟယ်” “ဟာ” မာယာသုံးနှုတ်ဆက်၊ သူပြုံးပြီဆို ကိုယ့်ဖက် ၇၀ ရာခိုင်နှုန်းပဲ၊ 
ဆိုင်ထဲအတူတူဝင် နံရံကာ တစ်ချပ်ခြား ရှေ့မျက်နှာ နောက်ထားပြီး 
“ဟိုင်း နေကောင်းလား” ကပဲ စကြတာပေါ့၊ 
“နင့်နဲ့တွေ့ရတိုင်း ငါကြည်နူး (သို့) ပျော်ရွင် (သို့) ကျေနပ်တယ်ဟာ” က မပါမပြီး၊ 
“ပြန်ဦးမယ်နော် အိမ်မှာလုပ်စရာလေးရှိသေးလို့ ဂွဒ်နိုက်နော်” နဲ့ အဆုံးသတ်ပေါ့၊ 
သိပ်ရတာပေါ့၊ ဟားဟား၊ ဒါပေမယ့် ဒါပေမယ့် သိပ်မရယ်နိုင်၊ 
အရင်းအနှီးကြီးသလောက် လိုရင်းမှ မရောက်ဘဲ၊ 
အိမ်ရောက်တော့ မင်းသားခေါင်းစွပ်ကြီးချွတ်ပြီး 
ဦးကျောက်လုံးတစ်ယောက် ကြည်ကြည်ဌေးလို ကြွေတာပေါ့၊ အိဖြူ ! 
မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး၊ 
သခင့်ဆီ အပြေးပြန်လာပြီ အချစ်ကလေးဆီ။ ။

မောင်ယုပိုင် 

In: ကဗျာ,Others Posted By: Date: Aug 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment