ဘယ်သူနိုင်တယ်မမှန်းနိုင်တဲ့ပွဲ
တစ်ဖက်သတ်လား နှစ်ဖက်သတ်လား
မိတ်ဆွေရဲ့ မိတ်ဖြစ်ဆွေဖြစ်စကား
ငါ့ကိုအသွားစေတယ်။
မသောက်ဖြစ်သေးဘူး
ခွက်ကိုပြန်ချထား။
တကယ်တော့ဒါဟာဇာတ်လမ်း
လူသားပီသနေသေးသောအကြောင်း
ဟုတ်ကဲ့ဒီလိုပါဗျာ
သူမနေထိုင်တဲ့မြို့ကလေးဟာ နေမဝင်ဘူး၊
မှတ်တိုင်တွေမှာကြက်ဖတံဆိပ်ရှိတယ်၊
လေရဟတ်တွေနံဘေးလမ်းကလေးရှိတယ်၊
ဆူညံသံလမ်းမှာမကြားရ
လမ်းမှာဖုန်းပြောရင်ဘေးမှာရပ်နေရင်းနဲ့
နာမည်လေးတော့ထားခဲ့ပါဗျာ
ကိုယ်တိုင်ကတော့သူလိုကိုယ်လို ပါပဲ
သူမအမြင်မှာတမျိုးထူးဆန်းချင်နေရဲ့
ခုနှစ်ဆယ့်နှစ်ရက် နဲ့ ပန်းစည်းပုံ post card တစ်ခု။
ရန်ကုန်ကိုသိပ်မလွမ်းအား
ကျွန်တော်စိုးရင် သူမကမိုးမယ်ပေါ့
ကောင်းကင်ကြီးလိုပဲ အရာရာမိုးမိုးသွားတယ်
နွေဦးမဟုတ်သေး သစ်ရွတ်များလိုငါကြွေခဲ့ပေါ့
ရှစ်မျဉ်းစောင်းနှစ်ထောင့်ရှစ်မှာတုန်းကလို။
တခါတလေ ဟန်မကျတကျစတိုင်မကျတကျ
လူတစ်ယောက်မိုးပေါ်ပျံနိုင်တယ်
ဆိုရင်တောင်သိပ္ပံနည်းကျလားစဉ်းစားချင်သေးတယ်
တကယ်ချစ်သလားကျတော့ခဏခဏမေးတယ်။
သဘာဝနဲ့မသက်ဆိုင်ကြောင်း ပြောရ
မဟာပုရိသဝါဒမဟုတ်ကြောင်း သေသေချာချာအာမခံရ။
နို့သဘာဝဆိုတာဘာလဲ
ဆရာဇော်ဇော်အောင်ပြောသလို
“မိန်းမဆိုတာ မှိန်းနဲ့ထိုးပြီး မ,ထားတာလား”
“ကျွန်မရဲ့နံကြားကရှင်ထိုးသွင်းတဲ့လှံသွေးနဲ့
ရှင့်ကိုကျွန်မချွေးသိပ်ပေးပါ့မယ်”
သေချာမှုကိုသေချာမှန်းသိတဲ့ရယ်သံ…။
ကဗျာဆရာဆိုတာဘယ်တုန်းကမှထောင့်မကျိုးခဲ့ဘူး ။
ကြီးကြီးကျယ်ကျယ်မဖြစ်သူတစ်ယောက်
ကြီးကြီးကျယ်ကျယ်ပြောခွင့်မရှိဘူးလား။
ပင်လယ်ဇင်ရော်တွေကတောင်ငါ့ကိုမကြောက်ကြ
သစ်ရွက်ကြွေလိုလွင့်ပျံခဲ့တယ်။
နောက်တော့ ဘုရားရေ မင်းလဲသူလိုကိုယ်လိုပါပဲလား
ပဟေဋိတစ်ခုအဖြေပေါ်သလောက်တောင်မလေးနက်တော့ဘူး။
ခံစားမှုဟာ သစ်ရွက်ကြွေတွေနဲ့သာထုတ်ပိုးခံရတဲ့ည
နောက်ထပ်မလိုချင်တော့ဘူး
တကယ်တော့ဒါဟာ ဇာတ်လမ်းပါ
ဇာတ်လမ်းဆိုတာ ဇာတ်လမ်းပါပဲ။
နောက်ဆုံးတော့လဲ
စိုင်းဝင်းမြင့်ရဲ့သစ်ရွတ်ကြွေလို
“မင်းထားခဲ့တဲ့တရားဓမ္မပေါ့ တခြားတစ်ယောက်နဲ့အိုမင်းသွားရလေတယ်” ။ ။
Comment #2
😛
Comment #1
ရေးသားထားပုံနဲ့ စကားလုံးလေးတွေကိုနှစ်သက်မိပါ၏