ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ကိစ္စ
တကယ်ကို ဝမ်းနည်းစရာ ၊ မင်းထီးကို ဘယ်သူမှ လုမဆောင်းပါဘူးကွာ ။
လမ်းမကြီးက အနက်ရောင် ။ အဲဒီတနင်္လာက ဖိနပ်နဲ့ခြေထောက် အပြန်အလှန် တွန်းကန်စေခဲ့ ။
လူရဲ့ဘာမှန်းမသိဘဲ ငင်နေတဲ့နှစ်ချောင်း ရိုက်ချိုးတော့ လ ဖြစ်လာ ။ လထဲမှာ ပြဿဒါးများများစားစား
စာရင်းဇယားတွေ အကွက်ကျကျ လွတ်ကျ သွားတဲ့ ကြက်ဥတစ်လုံးလို ကျိချွဲ
ခပ်ညှီညှီ ‘လ’ များ နှစ်ရှည်ဘယ်သူ သည်းခံနိုင်မလဲ ။ အသိဥာဏ်က အိမ်ရှေ့ပေါက်ကနေ ဝင်လာတဲ့အခါ
အရေးအသားတွေဟာ နောက်ဖေးပေါက်ကနေ ခုန်ထွက်သွားရလေတယ်။ ကိုယ်နဲ့မတော်တဲ့အရေခွံကြီးကို
ကောက်လျှိုနေဦးမလား ။ အမွှန်းတင်နဲ့ဓား ပေါင်းတော့ ဓားနဲ့မွှန်းတဲ့ အဓိပ္ပာယ် ။
တစ်ချို့လက်ခုပ်သံတွေက အဲဒီလိုပဲ ။ အမှန်က အိမ်ကိုပြန်လာတာ ။
ဘယ်ကိုမှ မရောက်မပေါက် မြောက်လို့ လက်ကို ဓားသွေးကျောက်ပေါ် ပွတ်ဆွဲပစ်တာပေါ့ ။
မယုံရင် အင်္ဂတေတွေကို ခွာကြည့်လိုက် ။ ရိုးတွင်းချဉ်ဆီထဲ အရိုးစူးနေတဲ့လည်ချောင်းနဲ့
အရှင်လတ်လတ်နှင်းဆီ ။တစ်ခါပြင် – ၅၀၀ ၊ တစ်ထောင်ဖိုးသုံးထည် ၊ ကြိုက်ရာယူ – ၁၅၀၀ ၊
မြောက်ဥက္ကလာ ။ စိတ်ထဲမှာ အနိဋ္ဌာရုံတွေ တဖွားဖွား ။ မှောင်သွားတဲ့အမြင်အာရုံနဲ့စွေစောင်း
။ မြေကြီးထဲ ခြေထောက်ကျွံကျသွားတယ် (ထင်ရ) ။ ညနေ ၊ ဒီပုံစံအတိုင်းဆိုရင် စပယ်ယာနဲ့ ပြိုင်ဆဲမိတော့မယ် ။
ဆူးလေလမ်းမပေါ် ကျွန်တော့ကို ကျပျောက်ရက်ခဲ့ ။ ရောင်းတန်းမှမဝင်တာ အချစ်ဦးနဲ့လွဲခဲ့တယ် ။
သူတို့တွေ*က ချစ်စရာလူဆိုးလေးတွေပါ ဟန်နီ** ။ ခွက်ထဲက လျှံကျသွားတဲ့ မေတ္တာစိတ်ဟာ
အခြားသောခွက်တွေထဲ ဖိတ်ကျ ။ ငါတို့လည်း အဲဒီလို ချစ်ကြတာပဲ (မဟုတ်လား) ငြိမ်းရဲ့***။
ရောက်မလာတာနဲ့စာရင် အများကြီးစောတာပေါ့ ။ နောက်ကျ ၊ သံခြေကျင်းခတ် ၊ မွန်းကြပ် ၊ အိပ်လို့ပျော်မှာမဟုတ်။
ကိုယ့်အလွမ်းနဲ့သူ့ကိုယ် အလိုမတူဘဲရွာကျလာတဲ့ အဲဒီတိမ်တိုက်တွေ ။ ။ ရင်ကျိုး ။ ။
ကိုသျှား
* ကဗျာဆရာများ
** ၃၈လမ်းထဲက စားသောက်ဆိုင်တစ်ခုရဲ့နာမည်
*** အရှင်လတ်လတ်နှင်းဆီ
Comment #2
ဒီကဗျာက ခဏခဏဖတ်ကြည့်ပေမယ့် ရိုးမသွားပါဘူး
ကြိုက်တယ် . . 🙂
Comment #1
😛
woww,,,,,,,,,,,,
natural surrounding
natural life
real image
khan sar arr pay twar par de.