ဗလာ
မယုံကြည်တာတွေများတဲ့အခါ
အောက်ဆီဂျင်မှာ အဆိပ်ပါလာ
ဒါကိုပဲ ငါတို့ မက်မောရှုရှိုက်
တဖြည်းဖြည်း
အသည်းပါ အိုက်လာရဲ့
ခပ်မိုက်မိုက်ပါပဲ …
အဲဒီတဖွာနှဖွာက ဆယ်ကမ္ဘာဆိုလည်း ခြားနိုင်စေ့ရဲ့
အတိတ်မေ့ဖို့  ဆေးတခွက်တော့ ရှိဖို့ လိုတယ်
ဘယ်သူသိခဲ့လဲ
ခွင့်လွှတ်ခြင်းမှာ မုန်တိုင်းပါတယ်လို့
အချစ်ဆိုတာ ရေချိန်မမှန်သေးတဲ့
အမူးသမား တယောက်ပါကွယ်
ပေးပါ နောက်ထပ် ခပ်ပြင်းပြင်း တခွက်
ရောက်လာတဲ့ အမှန်တရားဟာ
သူကိုယ်တိုင် ပြန်မှား
အယောင်ယောင် အမှားမှား နဲ့ ..
အဲဒီအမှားတွေကြားမှာ တစစနဲ့ ပျော်ဝင်လာခဲ့တယ်
ဘယ်သူသိမလည်း- အမှန်တရားရဲ့ ငိုကြွေးသံ
ကဗျာထဲမှာ ပြန်ရှာမိတဲ့ ငိုသံ
ပဲ့တင်သံ မကြားရတဲ့ ပေးဆပ်ခြင်း
တခါတခါ စဉ်းစားမိတာ
ဝိဥာဉ်ပြာတွေခင်းပြီး
မင်းခြေရင်း ဝပ်ဆင်းပေးဖို့ အထိပါပဲ
အသိတရားတို့ အခါခါ ထိမ်းချုပ်လည်း
မင်းမလာတဲ့ လမ်းမှာ ရောက်နေဆဲ
ဘယ်လိုဝဋ်ကြွေး ရယ် ..ဘာရယ် ညာရယ်မှ မတွေးမိတော့ပဲ….
တကိုယ်တည်း ဘ၀ ကို ဖြတ်သန်းနေခဲ့တယ်
ဘဝဟာ အတုတွေကြား
နေသားတကျ ကပိုကရိုလှလို့
ဆေးရိုက်ထားတဲ့ ပန်းလို
အမှန်တရား ငိုလောက်အောင်ပွင့်
ပြုံးပြရတာ တဖြည်းဖြည်း ရင်နင့်လာတယ်
အဆင်မသင့်စွာပဲ ချစ်ခဲ့မိတဲ့ အိပ်မက်ကလေးဟာ အကြွေ …
တေလေကောင် ကျွန်တော့်အတွက်တော့
မထိုက်တဲ့ အလင်းတစက်မို့  …ကိုယ်ကိုယ်တိုင်ပဲနင်းဖြတ်ချေခဲ့တယ်
ထောက်ခံသူ ကင်းမဲ့ ရပ်ဝန်းမှာ ကျွန်တော်တည်ရှိမယ်
လွဲတာလား ကွဲတာလား
ကျွန်တော်ကိုယ်တိုင်တောင် မသေချာခဲ့
အထီးကျန်ခြင်းရဲ့ သက်သေ
ပြန်မဆုံတော့နိုင်တော့မယ့် လမ်း
မင်းပေးဖူးတဲ့ အနမ်းလေး ကိုပဲ
ရင်ခွဲပြီး သိပ်ခဲ့တယ်
ဘယ်လို …ပင် . မြင်ကွင်း တွေ …ဝေးကွာပါစေ …ငါဟာ မင်းအရိပ်နဲ့နွေးတတ်ခဲ့တယ်
CHIRON (ချီရွန်-ပုလဲ) ၊ အသဲကွဲ မိုး
Comment #2
Like !

Comment #1
ထောက်ခံသူ မရှိတဲ့  ရပ်ဝန်းမှာ ကျွန်တော်တည်ရှိမယ်…။
အမြဲတမ်းအားပေးလျက်…