“ဝေး …”
အပြုံးတစ်လက်နဲ့ …
နှုတ်ဆက်ခဲ့တာ ကြာပြီ …
ရင်ထဲမှာတော့ …
မိုးတွေ ဖြိုင်ဖြိုင်ရွာလို့ ကောင်းလာတယ် …
သီချင်းတွေ မြိုင်ဆိုင်ဆွေးမြေ့ကြေကွဲတတ်လာတယ် …
စကားလုံးတွေ ရှာကြံ ကောက်စု …
အကြည့်တစ်စုံကို ရဖို့ မျှော်လင့်တတ်လာတယ် …
အိပ်မက်တွေနဲ့ အတိတ်ကို …
သူ့အသံလေးကြားရဖို့ ကြိုးညှိသီဆိုတတ်လာတယ် …
လွန်ခဲ့တဲ့ နောက်ဆုံးလမ်းခွဲချိန်ကို …
နှုတ်ခမ်းပါးလေး အပေါ်အောက် နှစ်ထပ်ကို ချဲ့ပြီး
ထုတ်ကြည့်တတ်လာတယ် …
တစ်ရွက်တည်း လွင့် …
တစ်လှေတည်း စီး …
တစ်ယောက်တည်း ညည်း … ရင်း …
ဂူသားဆန် … အုတ်ဂူဆန် … သချိုင်းဆန် …တဲ့
အဖော်မဲ့ ပဲ့တင်သံ
ကဗျာတွေကို သူ့ဆီပို့ပို့ပေးတတ်တယ် …
ကြယ်စင်လေးတွေ ဆီကနေ တစ်ဆင့် …ပေါ့လေ …
သူ့အကြောင်းတွေးမိတိုင်း …
ကဝေအဆိပ်သင့်တဲ့ လက်ချောင်းလေးတွေကို
ထိုင်ထကခုန်ခိုင်းပြီး …
သူနဲ့ နီးပြီ … လို့ ပျော်နေတတ်လာတယ် …
သူနဲ့ တွေ့ရင် …
အန်ချခင်းပြဖို့ ကဗျာတွေ များစွာ …
သိုဝှက်သိမ်းဆည်းထားပါတယ် …