ချိန်ခွင်ထဲက ဘဝဥဒါန်း
ချိန်ခွင်ထဲက ဘဝဥဒါန်း
တဖြေးဖြေး ကြယ်ပွင့်အောက်က
ဘီးကုတ်သဏ္ဍာန် လမင်းကြီးဟာ
လူသားဆန်တဲ့ အသိတရားရှိခဲ့ရင်….။
အမိုက်ဆိုတဲ့ ကျောရိုးတစ်ခုလုံး
အမှောင်ဖုံးပိတ်သောည
အကြောက်တရား ဒေါသတွေနဲ့
အသက်ရှု မွန်းကျပ်လွန်းပါရဲ့…..။
တွေဝေမိန်းမောနေတဲ့ မောဟတွေနဲ့
သံသယလွင်ပြင်ထဲ အတွေးအိမ်မက်တွေ နယ်ချဲ့လို့
တစတစ တစ်လောကလုံး အမှောင်ဖုံးလာတဲ့ ညတွေ
မောပန်းလွန်းလို့ အသက်ရှု ရပ်တန့်မလို မွန်းကျပ်လွန်းပါရဲ့…။
လူ့ဘဝရဲ့ ဝန်းကျင်ထဲ
နာကြည်းလို့ လူတစ်ယောက်ရဲ့ ဘဝကို
အမိန့်တော် ပြန်တမ်းစာထွက်လို့
အဆိပ်သင့်စေတဲ့ မျှားတစ်စင်း လွှတ်လို့
ဖျက်သိမ်းဖို့ ကြိုးစားတယ်ဆိုရင် မှားမယ်…။
ဝေခွဲမရတဲ့ အတွေးခေါ် အာရုံဆူးတွေက
ဘဝမျက်နှာပြင်မှာ ဂယက်ရိုက်လို့
တစ်လောကလုံး စိန်ခေါ်မိရင်လည်း မှားမယ်….။
အမှားတွေရဲ့ လက်မတင် ဘဝထဲက
ကိုယ် ပေးပြီတဲ့ ဂတိတည်သော
ယုံကြည်မှု စကားတစ်ခွန်းကို
ပြန်ပြင်ဖို့ဆိုတာ….
ထွေးပြီးသား သံတွေးကို ပြန်မမြိုသလို
ကံကိုလည်း ပုံမချ
ဘဝတိုက်ပွဲရဲ့ အောင်လက်မှတ်အဖြစ်
လက်ခံလိုက်မယ်.. ကျေနပ်တယ်…။
ဒါပေမဲ့….
အချိန်တိုတို ကာလအတွင်းမှာ
အသက်တွေ ကြီးလာပြီး
အမှားတွေခဝါချလို့ ကိုယ့်ဘဝသမိုင်းကို
ကိုယ် ကိုယ်တိုင် ကိုယ့် သမိုင်းအလံထူဖို့ဆိုတာ
မေ့နေဦးမှာလား…. ဆက်မှားဦးမှာလား…။
တကယ်တော့…
ဘဝရဲ့ စာရိတ္တ အလံတစ်ခုကို
လွှင့်ထူဖို့ဆိုတာ အမှန်တရားရဲ့
လမ်းမပေါ်က အများအသိမှတ်ပြုတဲ့
ကြေးမှုံပြင် တစ်ခုပေါ့…။
သေခြာ စဉ်းစားကြည့်…
အတ္တမဲ့သော ကိုယ်ချင်းစာတရားနဲ့
မေတ္တာတရားတွေ ရင်ခွင်ပိုက်လို့
တစ်ဖက်က ကရုဏာ တစ်ဖက်က မုဒိတာ
အနူးညံ့ဆုံး ဥပေက္ခာ စေတနာတွေနဲ့
ငြိမ်းချမ်းသော ဘဝတစ်ခုကို တည်ဆောက်ဖို့
ညီနောင်သားချင်းတို့ တူညီစွာ လက်တွဲလို့
အနာဂတ်ပန်းတိုင်ဆီ ချီတပ်စို့…..။
တက္ကသိုလ်မြတ်မင်း