ကလေးတစ်ယောက် ငရဲမင်းနဲ့ ဖဲခင်းခန်း
ကလေးတစ်ယောက် ငရဲမင်းနဲ့ ဖဲခင်းခန်း
ဟိုးအရှေ့မှာ…
စိမ်းဖန့်ဖန့် ညှီစို့စို့
ဘာလို့ခေါ်သလဲ..
အရိုးပြိုင်းပြိုင်း ခန္ဒာကိုယ်မှာ
အမှတ်စဉ် ကိုယ်စီချိတ်လို့
သေမဲ့နေ့ကိုစောင့်နေကြတယ်..
သွေးချင်းနီးသူတွေနဲ့ နီးစပ်ခွင့်မရတဲ့
နာမည်တစ်လုံးနဲ့နေတဲ့ အဖိုးတန် အရူးတွေပါဘဲ..။။
အဲဒီ မိစ္ဆာလက်ဝါးတွေဆီက
တစ်ခ်ါလဲ
ဒီအသံဘဲကြားတယ်
နောက်တစ်ခါလည်း
ဒီတစ်သံဘဲကြားတယ်
ထပ်ခါထပ်ခါလဲ
ဒီအသံဘဲကြားတယ်။။။။
လူကြီးမင်းခေါ်ဆိုသော…..
ငါတို့သောက်ရမဲ့ရေကို..
ငရဲသားတွေက ပိတ်ကာထား
တားမြစ်တယ်….ဆိုတဲ့စကားနဲ့…။
မြင်သမျှကိုငေးပြီးလည်း
ကဗျာရေးခွင့်မရှိဘူး
ဆီအိုးပူပူကစောင့်နေတယ်
လှုပ်တဲ့လက် မီးမြိုက်သတ်မတဲ့…။
ဒီလိုနဲ့
လူတွေရုတ်ရုတ်သဲသဲ
ဆဲသူကဆဲပြီး လဲသူကလဲ
တွန်းသူကတွန်း ပွန်းသူကပွန်းနဲ့
ဇာတ်တိုက်မထားတဲ့ ရုပ်သေးရုပ်တွေလို..။
အမှန်တရားက နန်းချခံလိုက်ရတော့
အကြံသမားက ဘုရင်တက်လုပ်သလို
တစ်ချက်ခုတ်နှစ်ချက်ပြတ်
မြို့တော်လည်း ဟက်တက်ကိုကွဲလို့…
လူအချို့
အဲဒီပက်ကြားအက်ထဲ ခုန်ဆင်းသွားကြတယ်..
ငါမြင်တယ်..။
ပြေးကြ…
နောက်ကျခြေထောက် သစ္စာဖောက်တဲ့
ငါတို့ဖ၀ါးနောက်မှာ ညာသံတွေရှိတယ်
လှည်ံမကြည့်ကြေး
အတိတ်ဆိုတာ ကောင်းတဲ့အရာမရှိသလောက်ရှားခဲ့ပြီ..။
ဘုရားရေ….
ငါ့ခြေလှမ်းတွေထက် ပိုပြီးမြန်တဲ့
ငိုညည်းသံတွေ…..
လေထဲမှာ ပါလာတယ်..
ဘယ်ကလဲလို့ မေးစရာမလိုအောင်
ငါ့ပတ်ပတ်လည်မှာ ပျံသန်းကြ။။။
ငရဲလမ်းမှာ
အမြဲတမ်းမွှေးတဲ့ပန်း ရှိနိုင်ပါ့မလား…မသေချာဘူး
အသဲတစ်ခြမ်းပဲ့နဲ့ လူမဆန်တဲ့ ငရဲသားတွေကတော့
ရန်လိုတယ် ကြမ်းကြုတ်တယ်..သေချာတယ်။။
ငါ့လက်ထဲမှာ ..
ဖဲဟာဘူဖြစ်နေတဲ့အချိန်
ငရဲမင်းမှာ ၀ှက်ဖဲတွေအများကြီးရှိလိမ့်မယ်…။
ကြေးက ဘာပါလိမ့်….
ကျောရိုးထဲမှာ စိမ့်သွားခဲ့….
ဒါဟာ အိပ်မက်ဆိုလည်း
မြန်မြန်ငါနိုးထရပါစေကွယ်….။။။။
တက်ခေတ်
၁၃.၈.၂၀၁၂
ည ဆယ့်တစ်နာရီ နှစ်ဆယ့်ရှစ်မိနစ်
Comment #2
Great.
Comment #1
ဒီကဗျာကို ငါနားလည်သလိုဘဲသူငယ်ချင်း.. မဟုတ်ဘူး ငါနားလည်တယ်
ကောင်းပါတယ်. နင့်ကို ငါတို့သတိရတယ်ဟ..
နင်ဒီမှာ ကဗျာရေးတယ်ဆိုတာ မနေ့ကမှ သိတယ်
ပျော်ရွှင်ပါစေနော်