အချစ်ဦးကျွေးတဲ့ …. ညစာ (သက်ထွေး)
ဒဏ်ရာသက်သက် အတွက်
ဖိတ်ကျွေးတဲ့ညစာမို့
မနွှေးပဲ သုံးဆောင်ပါရစေ။
အနမ်းဓားချက်
ကခုန် ..
ညိုမှိုင်းနေတဲ့ မျက်နှာကျက်က
သံစဉ်တွေ ခွာမရ ..
ပြိုကျနေတဲ့ အလွမ်းတွေ
သိမ်းကောက် ..
တဒေါက်ဒေါက်နဲ့
သူမ ခေါ်သံကြားတယ် …။
စိတ်ခန္တာတွေ
တိမ်းမှောက်
သူမ …ဘယ်မှာလဲ ….
လျှပ်ပျက်ခြင်းရဲ့ မျက်ဝန်းတစ်ဆုံး
အရယ်အပြုံးဆန်
ပုံသဏ္ဍာန်တစ်ခု သူမ ဖန်ဆင်းခဲ့
ဆံနွယ်တို့ လမ်းလျှောက်ရာနောက်
တစ်ကောက်ကောက်နဲ့
ငါလိုက်ပါခဲ့သည်။
တစ်သွင်သွင်စီးတဲ့
စိတ်ရေစီး
သူမ ဖျက်ဆီးခဲ့ …
ကမ္ဘာရှုံးမဲ့အပြုံး
သူ ထက်သုံးတယ် ။
ကျောပေးခြင်းရဲ့နောက်ကွယ်
ခွဲခွာခြင်းပေတံ အလျားလိုက်သင့်
ဝေးကွာခြင်းမည် ဝေါဟာရတစ်ချပ်ကို
သူမ ဘယ်လို တိုင်းတာမလဲ။
ဒီအမုန်းတွေ ကုန်အောင်
ငါဘယ်လို စားသုံးရမလဲ ..
ပိတ်ကားချပ်ပေါ် သူမ ခြယ်သဖူးတဲ့
အစိမ်းရောင်ဆန် လွှမ်းမိုးခြင်းများ
ငါ့လောကပေါ်
တဆစ်ဆစ်နဲ့
ရွာသွန်းခဲ့ကြပြီလား ။
မာယာပိုက်ကွန်
တစ်ခု
သူမ အမြတ်တနိုး ရက်လုပ်နေခဲ့
ဘယ်အိုင်ထဲက ငါးတွေများ
သူမ တည်ခင်းတဲ့
ညစာထဲ လူးလွန့် နေခဲ့သလဲ ..
ဘာကြောင့်ပဲဖြစ်စေ
အချစ်ဦးကျွေးတဲ့ ညစာမို့
တစ်သက်တာအတွက်
တစ်ယုတစ်ယ
ငါ စားသုံးဖြစ်ခဲ့တယ်။
သက်ထွေး
ဒီဇင်ဘာ ၁၅ ၊ ၂၀ဝ၇ ည ၉း၁၅
Comment #1
ကောင်းလား … စားလို့ ဟိဟိ 😛
ညစာတော့မသိ ကဗျာကတော့ ကောင်းတယ်..
title ကစ အလန်း