ရူးနေတဲ့ ရီလေတစ်ဗတီသီအိုရီကို မင်းသိဖို့လိုတယ် ခက်ဝင့်တာရာ
ကြက်သီးထအောင်လှတဲ့ ညမှာ
မင်းရေးတဲ့ ဆေးဟာ ပစ်စလက်ခတ်
စုတ်ချက်ကြမ်းခဲ့
သူငယ်ချင်းဆိုပြီး
တားခဲ့တဲ့စည်းပေါ်မှာ
ငါဟာ မကြာခဏသေတမ်းကစားကြည့်
ပြီးတော့ အဲဒီဆေးဟာ တဖြည်းဖြည်းရင့်လာ..
အနီးကပ်မြင်ရတော့မှ
မင်းဟာ သိပ်နူးညံ့တဲ့ မိန်းမမှန်းသိတယ်။
အနီးကပ်နေရတော့မှ
မင်းဟာ
ပန်းတွေကြွေအောင်လှမှန်းသိတော့တယ်.။
ဗန်ဂိုးလို နားရွက်မဖြတ်ခဲ့ပေမဲ့
တစ်ရက်နဲ့တစ်ရက်
မင်းအတွက် ငါအက်ကြောင်းတွေနက်လာ
အသက်ရှုသံတွေ မှားယွင်း
မင်းကတော့
ဆယ့်ရှစ်နှစ်တာ သူငယ်ချင်းသံယောဇဉ်ကြောင့်လို့
ငြင်းနေဖို့ ကျင့်သားရနေဆဲ..။
ဘယ်အရာမျိုးကိုမှ အချစ်လို့မင်းထင်မလဲ
ရင်ခွဲကာပြရဲမှလား
စကားလုံးတွေဖောင်းပွအောင် ဖော်ပြမှလား
ဒါမှမဟုတ်
မင်းအိပ်နေတုန်းမှာ ခိုးနမ်းရဲမှလား..
ဟုတ်တယ်
အဲဒါဟာ မင်းဆက်မဆွဲတဲ့ ပန်းချီကားဖြစ်တယ်
ငါ့ကို မျက်ကွယ်ပြုထားတဲ့ ကျိန်စာဖြစ်တယ်
ပြီးတော့
မင်းလက်ဖ၀ါးတွေနဲ့ဝေးနေတဲ့
Canvas ပြားပေါ်က ငါ့ဘ၀ဖြစ်တယ်..
မင်းဟာ သိပ်လှတယ်
ငါဖတ်ဘူးတဲ့ ကဗျာထဲက
နှင်းနဲ့ထုလုပ်တဲ့ ပန်းပုတစ်ရုပ်လို..။
နတ်သမီးပုံပြင်ထဲက
ရွှေမှင်နဲ့ ရက်လုပ်တဲ့ တိမ်တိုက်တစ်ခုလို
ပြီးတော့
ပွင့်လွှာ စိမ်းစိုစိုကြားက ပွင့်လွှား တင့်တယ်တဲ့
အနီရင့်ရောင် နှင်းဆီတစ်ပွင့်လို….။
ဝမ်းနည်းစရာတစ်ခုက
ဘာမှကို မင်းမသိဘူး။။
ငါမင်းကို ခိုးခိုးကြည့်နေတာ
တခြားလူတွေ မင်းကို ကြည့်ကြတာ
ပြီးတော့
မင်းဘယ်လောက်ထိလှတယ်ဆိုတာကိုပါ
မင်းမသိရှာဘူး..။
မင်းနှလုံးသားကို
ငါတို့ရှာဖွေခဲ့ကြတယ်..။
ငါတို့ဆိုတာ မင်းကိုမြတ်နိုးမိသူတွေ
ပန်းချီပညာတစ်ခုတည်းနဲ့ လောကကို မေ့လျော့နေတဲ့
စကားလုံးတွေနဲ့ မကျွမ်းဝင်တဲ့ မိန်းမတစ်ယောက်ရဲ့ခြေရင်းကလူတွေပေါ့
ငါတို့….လေ
နှလုံးသားတွေကို ဟားတိုက်လိုက မင်းတိုက်နိုင်တယ်
ဒါပေမဲ့
ငါတို့က ဆေးရောင်စုံတွေမဟုတ်ဘူး
စုတ်တံတွေမဟုတ်ဘူး
ဘ၀ကိုစတေးပေးရင်တောင် Landscape ဖြစ်လာနိုင်မှာမဟုတ်ဘူး..။
မင်းသိတဲ့ သက်တံ့က canvas ပြားတွေပေါ်မှာ
ငါတို့သိတဲ့ သက်တံ့ဟာ ကောင်းကင်မှာ
အဲလောက်ထိအောင်ကွာခဲ့ကြ
ဒါပေမဲ့ အဲဒီ သဘာဝသမားတွေက မင်းကို သိပ်ချစ်ကြတယ်..။
မိုနာလီဇာ နဲ့လီယိုနာဒိုဗင်ချီ
အာလူးစားသူများနဲ့ ဗင်းဆင့်ဗန်ဂိုး
တွေးခေါ်သူနဲ့ ရိုဒင်တို့အကြောင်း မင်းပြောနိုင်သလို
ငါတို့ထဲကတချို့ဟာ
ဗန်ပါစီနဲ့ မန်ယူအကြောင်းပြောနိုင်တယ်
မက်ဆီရဲ့ နှစ်ဆယ့်တစ်ကြိမ်မြောက်ဟက်ထရစ်အကြောင်းပြောနိုင်တယ်
ပြီးတော့
ကိုမင်းကိုနိုင် ရဲ့ ဘ၀အကြောင်းပြောပြနိုင်တယ်။
ငါကလည်း မနှင်းဖြူနဲ့ ဆရာထူးအိမ်သင်အကြောင်း…
ထူးဝေနဲ့ သံစဉ်တို့အကြောင်း
သစ်ပင်သေဂီတ အကြောင်းပြောနိုင်တယ်
ဒါ့အပြင် ငါတို့ဟာ
လူတစ်ယောက်က တစ်ယောက်ကိုချစ်တဲ့
တစ်ထောင့်ငါးရာ ချစ်မေတ္တာကြောင်းကိုပါပြောပြနိုင်တယ်
မင်းနားထောင်မယ်ဆိုရင်ပေါ့..။
မင်းဟာ
ငါ့အတွက် အရာရာဖြစ်တယ်
ဒါပေမဲ့ မင်းအတွက် ငါကဘာမှမဟုတ်ဘူး
ရူးနေတဲ့ ရီလေတစ်ဗတီသီအိုရီ တစ်ခေတ်မှာ
ဇာတ်ဆောင်ဟာ….
အာဒမ်ဆိုတဲ့ ပန်းသီးငတ်မွတ်သူလား
ဆာအိုင်းဆက် နျူတန်လား
ဒါမှမဟုတ်
မင်းရဲ့အလှတရားနဲ့ တုပ်နှောင်ခံထားရတဲ့ ငါဘဲလား…။
မပီဝိုးတ၀ါး သက်ပြင်းပါးပါးတွေနဲ့
မင်းနှုတ်ခမ်းပါးကို ငါခိုးနမ်းတယ်
တစ်စက္ကန့်…..
နှစ်စက္ကန့်…….
သုံးစက္ကန့်………
မင်းအိပ်ပျော်နေခဲ့သလား
ဒါမှမဟုတ် ငါအိပ်ပျော်နေခဲ့သလား
အယောင်ယောင်အမှားမှား အသက်ရှုသံတွေဟာ
ယောင်မှာနေဆဲ….။
တစ်ခုတော့ ငါပြောနိုင်တယ်
တကယ်ဆိုရင်တော့ ငါသေရဲပြီ ချက်ချင်း..
အိပ်မက်ဆိုရင်တော့ ငါမနိုးပါရစေနဲ့တော့..။
သူမဟာ ငါ့စကားတွေထက်
ပန်းချီကားတွေကိုဘဲ ပိုယုံမဲ့ မိန်းမတစ်ယောက်လေ
ငါ့ကိုနားလည်စေဖို့ ငါလုပ်ရတော့မယ်..။
သူငယ်ချင်း
မင်းနိုးထလို့တံခါးဖွင့်ရင်
ပန်းတစ်စည်းတွေ့ရလိမ့်မယ်..
အဲဒီထဲမှာ မပြောဖြစ်တော့မဲ့ စကားတွေ
မဆုံဖြစ်တော့မဲ့ အခိုက်အတန့်တွေ
ပြီးတော့ မင်းကိုမှ မြတ်နိုးမိတဲ့ နှလုံးသားတစ်ခု
ရက်ရက်စက်စက် သတ်ဖြတ်ခံထားကြရ
မင်းနှုတ်ခမ်းတစ်ခဏနဲ့ ငါ့တစ်ဘ၀ တန်ပါတယ် ဆိုတဲ့ကောင်ဟာ
……
အဲဒီပန်းကို မင်းနမ်းမလား…. နင်းခြေလိုက်မလားလို့
မင်းဆွဲလက်စပန်းချီကားထဲကနေ
ပုန်းအောင်း ခြောင်းမြောင်းကြည့်နေရဲ့…..။
တက်ခေတ်
Comment #4
likeeeeeeeeeeeeeeeee
Comment #1
Wowwwww
Wowwwwww
Excellent creation,,
Like so much Choice of words,,nice ideas,,beautiful thoughts,,excited talkie.