“လွမ်းမောခြင်းဟူသမျှ ငါ့အာရုံများတွင် ရှတလွှမ်းမိုးကြစေသတည်း …”
ကမ္ဘာကြီးက လွတ်လွတ်လပ်လပ်နဲ့
ကိုယ့်ကိုကိုယ် ဖြန့်ခင်းကာ
အပြတ်သတ်ကျယ်ပြန့်ပြနေလေရဲ့ …
အဲဒီလို ပြန့်ကျယ်မှုတွေထဲ …
တစ်ယောက်ကို တစ်ယောက် …
လွတ်လပ်မှုကို
မျှဝေမယူ …
နယ်နိမိတ်တစ်ခုထဲမှာပဲ …
ကိုယ့်အငွေ့အသက်ကိုယ်စီနဲ့
လှည့်လည်ပစ်ဝဲနေကြတယ် …
(၂)
မထင်မှတ်သလို …
မထင်မှတ်တဲ့ အချိန်မှာ …
မထင်မှတ်တဲ့ မျက်ဝန်းတစ်စုံနဲ့ ပွတ်တိုက်ထိရှမိခဲ့တဲ့
ငါ့နောက်ကျောရဲ့ အစိတ်အပိုင်းလေးတခြမ်း ။…
သံယောဇဉ်မီးပွားလေးတွေ …
နှစ်ယောက်သား ညှိယူလောင်စာဖြည့်ခဲ့ကြတယ် …
ဩော် …
မိန်းကလေးရယ် …
ငါလည်း လူထဲက လူပါပဲကွယ် …
ငါတို့လက်တွေက …
သံယောဇဉ်မီးတွေကို ဆုပ်ကိုင်ထားဖို့
မပူလောင်ခဲ့ဘူး …
ဒါပေမဲ့ ရင်ခုန်သံတွေတော့ …
တဟုန်းဟုန်းချီလို့ အပြင်းစားသတ်ပုံထိ
တောက်လောင်ခဲ့ကြတယ် …
မင်းဟာလည်း ငါလိုပဲ …
လူတစ်ယောက်ပဲကွယ် …
ငါ့တို့ နှစ်ယောက် …
တစ်ယောက်ကို တစ်ယောက်မငြင်းဆန်နိုင်ခဲ့ဘူး …
(၃)
ဘယ်လို အခြေအနေတွေပဲ …
ဟောင်းဆွနေတဲ့ ငါ့ဒိုင်ယာရီတွေထဲ ရှိခဲ့ … ရှိခဲ့ …
သေချာတစ်ခုကတော့ …
အခုလောလောဆယ် ငါဟာ …
တစ်ယောက်တည်းပါပဲကွယ် …
တစ်ယောက်တည်းဟာ တစ်ယောက်တည်းပဲ …
ဘယ်တော့မှ နှုတ်ခမ်းက လေးစုံလောက်ဖြစ်လာနိုင်မှာမဟုတ်ဘူး …
တစ်ကိုယ်တည်းဟာ တစ်ကိုယ်တည်းပဲ …
ဘယ်တော့မှ ရေးစရာကဗျာဟာ …
ပျော်ရွှင်မြိုင်ဆိုင်လာမှာ မဟုတ်ဘူး …
ပဲ့တင်သံတစ်သံဟာ ဘယ်တော့မှ …
ပါးစပ်ထဲမှာ အပြန်အလှန်ကြားရမှာ မဟုတ်ဘူး …
ညတွေမှာ ခွေးတွေ ပိုအူတယ် …
ကောင်းကင်ဟာ တပြင်တည်း …
ဒါပေမဲ့ ငါတစ်ကောင်တည်း ပွင့်နေရတယ် …
မိန်းကလေး …
မွေးကတည်းက …
ငါဟာ တစ်ယောက်တည်း မဖြစ်ချင်ခဲ့ဘူး …
ဒါကြောင့် …
ငါ့ဆုတောင်း နင့်ကြောင့် အပြည့်အစုံတော့ …
မပျက်ယွင်းခဲ့ပါဘူး …
(၄)
ဘာပဲဖြစ်ဖြစ် …
တွေ့ချင်တယ် …
စိတ်ကူးတွေ တွေ့ဆုံခြင်းဆီ အတိုင်းသား
လွင့်ကြဲနေတယ် …
မိန်းကလေး …
ငါလေ မင်းမျက်ဝန်းတွေဆီပဲ …
ကုန်ဆုံးခဲ့တဲ့ လမ်းဟောင်းလေးလေ …
နင့်ခြေရာတွေ ငါသွားရှာတယ် …
ဂမ္ဘီရအပြုံးတွေ ကျိုးတိုးကျဲတဲ စိုက်ကြဲထားတာတွေကလွဲလို့ …
ငါ …
ဘာမှ မတွေ့ခဲ့ဘူး …
ငါ မင်းကို တွေ့ချင်တယ် …
ဘာပဲဖြစ်ဖြစ် တွေ့ဆုံခြင်းတွေ စိုက်ကြဲလှည့်ပါ …
တွေ့ချင်တယ် …
တွေ့ချင်တယ် …