ကျွန်တော်…တိုက်ခန်းနဲ့ သံတိုင်..ပြီးတော့သူ့မိတ်ဆွေ အိပ်မက်ဆိုး
ပြောကြစတမ်းဆို
ဘယ်ပန်းကမှ ရင်နင့်အောင်မမွှေးပါဘူး..။
ကြယ်တွေကောက်သိမ်းလာတဲ့ညတိုင်းမှာ
အိမ်အပြန်လမ်းကရှည်ခဲ့တယ်။
လူငယ်တစ်ယောက်
ကောက်ကြောင်းတစ်ရာ.
ဒဏ်ရာဗရပွနဲ့ အိမ်ပြန်မရောက်တဲ့ညတွေ…
ကောင်းကင်ကလခြမ်းဟာ
ညပေါင်းများစွာတိုင်
ခွန်အားတွေနဲ့ ကကြိုးရှုပ်ခဲ့
အရုပ်ကြိုးပြတ်လဲကျသူ..သူစဉ်းစားတယ်
မျှော်လင့်ခြင်းတွေကိုနှိုးမိရင်…
ပြန်မအိပ်နိုင်သူက ဘယ်သူလဲ….။
အိမ်ကိုသာပြန်ရရင်…
ဆိုတာ နေ့တိုင်းရေးခဲ့တဲ့ ကဗျာ.
လာတဲ့လမ်းတွေကို ပြန်ရပြီဆိုတဲ့အသိဟာ
အိပ်မက်ရဲ့ ကန်ချခြင်းမှာ လန့်နိုးခဲ့တာအခါခါ..။
လမ်းမကရှည်လျားတိုင်း
ခြေလှမ်းတွေကသေးကွေးနေကြ
အောင်စာရင်းတွေ ဘယ်နှစ်ကြိမ်ထွက်ခဲ့ထွက်ခဲ့
ကျွန်တော်ဟာ ကလေးတစ်ယောက်ပါဘဲ.
ဒါပေမဲ့
လူကြီးတစ်ယောက်ရဲ့အသိမှာ
ပန်းတွေဟာဗလာဆန်လွန်းခဲ့တယ်..။
ကျွန်တော်
မေမေ့ကိုသာ ရင်နင့်အောင်မွှေးတဲ့ပန်းလို့ယူဆ
ငယ်ဘ၀ကလို ခွန်အားအပြည့်နဲ့
ရင်ခွင်ထဲမှာသာ ပုန်းအောင်းနေချင်တော့တယ်
လောက ဟာမျက်လှည့်ဆရာတစ်ယောက်တဲ့.။
မယုံချင်လည်း ယုံခဲ့ရ..။
မနေ့က ကျွန်တော်ဆယ့်ရှစ်နှစ်ပြည့်တယ်
ဒီနေ့ရင်ခွင်ပျောက်တယ်..။
တက်ခေတ်
Comment #1
ကျွန်တော်
မေမေ့ကိုသာ ရင်နင့်အောင်မွှေးတဲ့ပန်းလို့ယူဆ
ငယ်ဘ၀ကလို ခွန်အားအပြည့်နဲ့
ရင်ခွင်ထဲမှာသာ ပုန်းအောင်းနေချင်တော့တယ်