ဘ၀သည်………..ဖြစ်၏။
ပစ္စက္ခ အခြေအနေမှာ
နေမင်းကြီးဟာ ပင်လယ်ထဲကို ထိုးဝင် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားနေခဲ့တယ်
ငါကတော့
မီးရှုးမီးပန်းလေးတစ်ခုလို
အမြင့်ဆုံးကို ထိုးခွဲ
ကိုယ့်ကိုကိုယ်ပေါက်ခွဲပစ်လိုက်မယ်
ဒီရေလှိုင်းပုတ်သံသဲ့သဲ့ကြား
ကမ်းခြေနေလူတစုရဲ့ မပီမသ ရယ်သံတချို့လည်းကြားနေရတယ်
အဲဒီမှာ ငါချစ်တဲ့ ညီမလေးရှိတယ်
ငါချစ်တဲ့ သူငယ်ချင်းတွေ ရှိတယ်
သစ်ရွက်ခြောက်တွေရှိတယ်
မူးရစ်ရီဝေလွယ်တဲ့ မျက်လုံးတွေရှိတယ်
“စိတ်မရှည်တော့ဘူး သေတော့မှာပဲ” ဆိုတဲ့ စကားလုံးတွေရှိတယ်
ပင်လယ်ကြီးကိုကြည့်ပြီး သက်ပြင်းတွေ အခါခါချနေ တာလည်းရှိတယ်
ဗိုလ်ချုပ်ဈေးက ချစ်သူကို လွမ်းနေတဲ့ လူတစ်ယောက်ရှိတယ်
မမကြည်အတွက် လက်ဆောင်ဝယ်ပေးချင်တဲ့ လူလည်း ရှိတယ်
မူးပြီဆိုတာနဲ့ ချစ်သူကိုလွမ်းတတ်တဲ့ သူလည်းရှိရဲ့
ရုပ်ရှင်လာရိုက်တဲ့ မင်းသားတစ်ယောက်လည်းရှိတယ်
ဟုတ်တယ် အဲဒီမှာ တော်တော်များများရှိတယ်
အဲဒီမှာ စိတ်ညစ်ခြင်းတွေရှိတယ်
ပျော်ရွှင်ခြင်းတွေရှိတယ်
မနာလိုခြင်းတွေ ရှိတယ်
ဒေါသတွေရှိတယ်
မောဟတွေရှိတယ်
ဖြစ်ချင်တော့ အဲဒီမှာ “ဂီတ” လည်းရှိတယ်
နောက်ဆုံး …………………
အဲဒီမှာ ပြန်မဆုံနိုင်ခွင့်တွေလည်းရှိတယ်။