ဆံပင်လုံးဝမညှပ်တဲ့နှစ်မှာ (၂၁)နှစ်ပြည့်တယ်
ဆေးတွေအချပ်လိုက်ကွာကျနေတဲ့ ‘ကွမ်းယာ’ဆိုတဲ့ ဆိုင်းဘုတ်ကလေးဟာ ကျွန်တော်နဲ့ အမြွှာပေါ့ ။
အဖေဟာ ထုံးပေါက်နေတဲ့လက်နဲ့ ကျွန်တော့်ကို ချီတယ်။
အမေဟာ ကွမ်းရိုးကလေးနဲ့ မျက်ခုံးမွေးဆွဲပေးတယ်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ကွမ်းယာဆိုင်ကလေးကို ခင်ဗျားဘယ်လိုမြင်လဲ ။
သူလိုကိုယ်လိုပါပဲ။ ဘီးလုံးလေးတွေပါပေမယ့် တွန်းလို့ရွှေ့လို့မရဘူး ။
ကွမ်းရွက်ခြင်းအဟောင်းထဲ ၀င်ထိုင်ရင်း …
အဝေးပြေးကားကြီးတွေကို ငေးလိုက်
ယူကလစ်ပင်ကြီးတွေကို ကြည့်လိုက်
အဖေတီးတဲ့ ဂစ်တာလေးကို ပုတ်လိုက်
သတင်းစာတွေ ဆုတ်ဖြဲလိုက် နဲ့ … လောကကို ကုပ်တွယ်ခဲ့ ။
မစားရတဲ့ စပျစ်သီးချဉ်တယ်ပြောပြော၊ အခပေးကစားကွင်းကြီးတွေထက်အဖေ့ကဗျာစာရွက်တွေပေါ်မှာ ပုံတွေဆွဲရတာ နှစ်ခြိုက်သူပါ ။
ကျောင်းမှာ မသင်တဲ့စာတွေဖတ်၊ ကျောင်းမှာ မသင်တဲ့အတတ်တွေတတ်ကျောင်းမှာ မမြင်တဲ့ အမြင်တွေ မြင်လာတယ် ။
သေနတ်ပစ်တမ်း မကစားဘူး၊ ပန်းပွင့်လေးတွေ မခူးဘူး ၊ နိုင်ငံတော်သီချင်းကို ရဲရဲလိုက်မဆိုဘူး။
စာစီစာကုံးမကျက်ခဲ့တဲ့လူ ခုံပေါ်မတ်တပ်ရပ် ဆိုတဲ့စကားမှာကျွန်တော့်ဘ၀ရဲ့ ပထမဆုံးလက်သီးကျစ်ကျစ်ဆုပ်ခြင်းကို တတ်ကျွမ်းခဲ့ပေါ့ ။
အာကာသယာဉ်မှူးဖြစ်ချင်တဲ့ ကောင်လေးဟာ တစ်နေ့ကို မုန့်ဖိုးနှစ်ကျပ်ရတယ်။
(ပဲရေခဲချောင်းက တစ်ကျပ် ၊ ကံစမ်းမဲပါတဲ့ လျက်ဆားဘူးက တစ်ကျပ် )
နောက်တော့ ငါးကြိုးဂစ်တာရဲ့ B .. E .. A .. D .. G ဆိုတဲ့ကြိုးတွေကို
D .. R .. E .. A .. M လို့ ပြောင်းပြီး ညှိခဲ့ ။ စိတ်ကူးယဉ်အိပ်မက် ။
စိတ်မြန်လက်မြန်ယုံကြည်ချက်နဲ့ ပေသုံးထောင်ကျော်က ခုန်ဆင်းလာ … ။
ငှက်ပျောသီး(၃)လုံးနဲ့ ညတွေ ၊
ကျောင်းပွဲတစ်ပွဲတီး ရှမ်းထမင်းတစ်ပွဲနဲ့ နေ့တွေ ၊
အကုန်အကျသက်သာဖို့ (၅)နာရီမှ အိပ်ယာထတဲ့ ညနေတွေ ၊
ကမ္ဘာပေါ်မှာ ဘူတာကြီးတစ်ခုပဲ ကျောခင်းစရာရှိတော့တဲ့ သန်းခေါင်သန်းလွဲတွေ ၊
ပိုက်ဆံ (၅၀၀၀) အတွက် (၁၈)မိုင် လမ်းလျှောက်ရတဲ့ ရက်တွေ ၊
ဒါတွေဟာ ကျွန်တော်ဖျက်ပစ်ချင်တဲ့ ဖုန်းထဲက Call Log အဟောင်းတွေပေါ့ ။
ဘယ်ရုပ်ရှင်အရင်ကြည့်ရမှန်းမသိအောင် များလှတဲ့ ရုပ်ရှင်တွေ …
ဘယ်စာအုပ်အရင်ဖတ်ရမှန်းမသိအောင် များလှတဲ့ စာအုပ်တွေ …
ဘယ်သီချင်းအရင်နားထောင်ရမှန်းမသိအောင် များလှတဲ့ သီချင်းတွေ အတွက်တော့
အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ။
ဘယ်ကလေးအရင်မွေးစားရမှန်းမသိအောင် များလှတဲ့ မိဘမဲ့တွေ …
ဘယ်သစ်ပင်အရင်ပျိုးရမှန်းမသိအောင် များလှတဲ့ လွင်တီးခေါင်တွေ …
ဘယ်လက်နက်အရင်ချခိုင်းရမှန်းမသိအောင် များလှတဲ့ စစ်ပွဲတွေ အတွက်တော့
အားလုံးကို ဒေါသထွက်ပါရစေ ။
ဆရာလှသန်းက စိတ်ရှည်ရှည်မထားနိုင်လို့ ဆံပင်ရှည်ရှည်ထားတာပါ တဲ့ ။
အခုကျွန်တော် (၂၁)ရန်မြောက် ဖိနပ်ကို စီးထားတယ် ။
ညအိပ်ဖူးတာ (၂၁)နေရာ မကဘူး ။
အရက် ၂ လုံး ၁ ပိုင်း ကုန်အောင်သောက်ဖူးတယ် ။
ခရီးထွက်ဖူးတာ မိုင်(၂၁၀၀) မကဘူး ။
နှစ်ယောက်တစ်အိပ်မက် မဖြစ်သေးဘူး ။
ရန်သူ (၂၁)ယောက် မရှိဘူး ။
တစ်ကိုယ်လုံးပေါင်းလို့ (၂၁၀၀၀)မပြည့်ဘူး ။
ဒါပေမယ့် …ဒီကဗျာကို နှစ်ခွက်တစ်ခွက်တင် ကျိုလိုက် ..
ဖျတ်ခနဲ ဖြစ်ဖြစ် ကျွန်တော့်ကို တွေ့ရှိရလိမ့်မယ် ။
တကယ်တော့ ….
ရှိစုမဲ့စု အနုပညာလေးကို
ညတိုင်းရှိခိုးပြီးမှ အိပ်တတ်တဲ့ကောင်ပါ ။
ဟိန်း
2:40 AM
25.10.2012
၂၁နှစ်ပြည့်မွေးနေ့
Comment #4
myat lone hte hmar paw lwin myin yaung lar par ei
Comment #1
အာကာသယာဉ်မှူး ဖြစ်ချင်တုန်းလား…