စကီနိုဖရီးနီးယားရောဂါသည်တစ်ယောက်ရဲ့ နောက်ဆုံးဖြောင့်ချက်များ-ရွှေကြယ်မိုး
မမှတ်မိတော့ဘူး
နှစ်ယောက်သား စကားလက်ဆုံကျချိန်မှာ
ကိုယ့်စိတ်ကူးထဲမှာ မင်းကိုနမ်းခဲ့မိလား ဖြေ
တွေးမရတော့ဘူး
ကြည်လင်တဲ့ ရေကန်မှာ
နွမ်းခွေပန်းလျအကြည့်များ စူးနစ်ခဲ့လား ဖြေ
မသိရှိတော့ဘူး
ကိုယ့်အရပ်ကိုယ်ပြန် ဇာတ်ကို ကိုယ်စီကကြတဲ့အခါ
ခွဲခွါခါနီးမျက်ဝန်းတွေ လမ်းလွှဲနေခဲ့သလား ဖြေ
သူငယ်ချင်းရေ (ချစ်ရတဲ့ ကောင်မလေးရေ )
နှစ်တစ်နှစ်ထဲမှာ တက္ကသိုလ်နှစ်ခုက စာမေးပွဲနှစ်ခု တစ်ပြိုင်တည်းကျတယ်
လျှောက်နေဆဲလမ်းတစ်လမ်းတည်းပေါ်မှာ ယုံကြည်ချက်တစ်ခု နှစ်ပိုင်းကွဲတယ်
ကျောပြင်တစ်ပြင်တည်းမှာ နာမည်ကိုယ်စီပါ ဓါးမြှောင်နှစ်ချောင်းစိုက်ဝင်တယ်
ငါဟာ လူတန်းစေ့ချင်ခဲ့ပေမယ့် လူတန်းစေ့လူသားတွေက ဒါကို ငြင်းပယ်ခဲ့တယ်
အပြိုင်းပြိုင်းထလက်တံတွေလို မြို့ပြလမ်းမတွေက ဝေရီလို့
ဘာသာဗေဒမဲ့စကားတွေ တိုးတိမ်နစ်မြုပ်…ပြောစရာစကားတွေမကုန်သေးပေမယ့်
ဝိုးတိုးဝါးတားဖြင့်ပျောက်ကွယ်သွားကြ…ဒီနှစ်မှာ ကမ္ဘာတကယ် မပျက်ခဲ့လည်း
တို့တွေက ပြန်ဆုံဖြစ်ကြဦးမှာလား…?
သူငယ်ချင်းရေ…(ကောင်မလေးရေ)
ထရံကဓါးကိုယူပြီး ကိုယ့်ကိုယ်ကို ထိုးသွင်းလိုက်စမ်းဆိုတဲ့ အသံ
ထောင့်တစ်နေရာရာက ရောက်လာခဲ့ရင် ငါတို့ အပြီးသတ်ခွဲခွါကြမယ်
မပြောဖြစ်ခဲ့တဲ့ စကားတွေနဲ့ မပြဖြစ်ခဲ့တဲ့ အိမ်ရာအိမ်နန်း မင်းစိတ်နဲ့သာ
မှန်းတနေပါတော့…မင်းဆက်ရေးမယ့်ကဗျာတွေထဲမှာ ပရိတ်မန္တရားတွေ မပါပါစေနဲ့။ ။
ရွှေ ကြယ် မိုး
Comment #2
ကျေးဇူးအထူးတင်ပါရဲ့ဗျာ
Comment #1
မျှဝေခံစားသွားပါတယ်ဗျာ။
mr.blackကလည်း ကိုရွှေကြယ်မိုးကဗျာကို
ကြိုက်သတဲ့။