သောကြာနေ့ရောက်မှ ငါပြန်မလာဖြစ်တော့ဘူးဆိုရင် နင်လည်း ပြန်မလာပါနဲ့တော့-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Calibri”,”sans-serif”;}
နွမ်းလျဆိတ်သုဉ်းနေပြီလား
ခြေကုန်လက်ပန်းကျနေပြီလား
ငါ့ကို တိုးတိုးလေးခေါ်ကြည့်ပါလား
အနှုတ်အပေါင်းတွေ အလင်းရှုးတန်းတွေ
မချင့်မရဲအိပ်စက်ချင်းတွေထဲက ထလို့
ရူးမနေနဲ့လို့ ပြောနေကြပါစေ …မြင်နေရသယောင်
ငါ့ကို တိုးတိုးလေးခေါ်ပါ
သောကြာနေ့ကတော့
ငါတို့ကို အသေအချာစောင့်နေလိမ့်မယ်
ချော်စိုင်ချော်ခဲတွေ အရည်ပျော်ကျ
ည…ည…ည ရယ်လို့ မမြည်နိုင်လောက်အောင် မှောင်မိုက်
အရိပ်ပေါင်းသောင်းခြောက်ထောင်နဲ့ ကစားခဲ့ကြပြီ
ဒီမှာ…မလင်းနိုင်တော့ဘူးလား
ဒီမှာ…မရှင်သန်နိုင်တော့ဘူးလား
ငါ…မဖြေနိုင်
မဖြေရက်…
နွဲ့စင်းနေတဲ့ ရထားကြီးဟာ ငါ
လဲ့ပြာနေတဲ့ တောင်တန်းကြီးဟာ နင်
မြစ်တွေကလည်း ပါဝင်ပတ်သက်ကြရဲ့
အစားထိုးမရတဲ့ စကားလုံးနဲ့ အထိတွေ့တွေ
ခွေရစ်ငြိမ်ဆင်းသွားမယ် ထင်တာ…
ငါထင်တာပါ
အခုကို ငါ ထင်နေတုန်းပါ
အဲ့တာကြောင့် တမျှော်တခေါ် ကြေကွဲနေရ
ငါ့မှာမရှိတာတွေ နင် လက်ဖြန့်မတောင်းခဲ့သည့်တိုင်
ငါ ပေးချင်ခဲ့ပါတယ်
နေ၀င်ရထားဟာ တိကျတယ်
မီးစုန်းတွေ အဆက်မပြတ် ဖွင့်ပြ မှိတ်ပြရင်း
တမလွန်ဆန်ဆန် အရာအားလုံးကို ပွေ့ခေါ်သွားတယ်
ငါလည်း ပါသွားတယ်
နင်ဟာ…ငါ့ရဲ့ အဘိဓမ္မာ…
အခု…နင်ဟာ ခြားနားသွားတဲ့ သမိုင်း
နောက်ဆို ဘာသာတရားတစ်ခု ဖြစ်လာမယ်လားမသိ
လူ့အဖွဲ့စည်းကို မယုံတော့ဘူးဘူး
ဘာသာရေးကို မယုံတော့ဘူး
ဆင်ခြင်တုံတရားကို မယုံတော့ဘူး
ဘုရားသခင်ကို မယုံတော့ဘူး
ငါတို့လိုတာက ဘယ်သူတစ်ယောက်ကိုမှ
ဒုက္ခမပေးတဲ့ ကိုယ် တာဝန်ယူတာ ကိုယ်လုပ်ပိုင်ခွင့်ပဲ
ဒီတော့ အမှန်တရားရဲ့ စံနှုန်းက
ပကတိချောက်ခြားခြင်းက လွတ်ကင်းနိုင်မပေါ့
ငရဲဘုံဟာ ခြောက်ထပ် ရှိတယ်လို့ ပြောရင် ငါငြင်းတယ်
အဲဘတ်ကမူးလည်း ငြင်းတယ်
ဟိုင်ဒေဂါလည်း ငြင်းတယ်
အထပ်တစ်ရာ တိုက်ကြီးကလည်း ငရဲဘုံဖြစ်နိုင်တာပဲ
မယုံရင်
ထရိတ်ဒါးပေါ်က ကောင်မလေးတစ်ချို့ကို မေးကြည့်ပါလား
ဝေါထရိတ်စင်တာပေါ်က ခုန်ချလာခဲ့တဲ့ လူကို မေးကြည့်ပါလား
အခါခါအဆက်ဆက် ပဲ့တင်ထပ်သည့်တိုင်အောင်
စကားပေါင်းများစွာ ပြောချင်ပါသေးတယ်
နွေညများ………တံလျှပ်တ၀င်းဝင်း တောက်လောင်ခဲ့ပြီ
မိုးညများ………လျှပ်စီးပြိုးပျက် ထစ်ချုန်းခဲ့ပြီ
ဆောင်းညများ………နှင်းခိုးတငွေ့ငွေ့ ရိုက်ခတ်ခဲ့ပြီ
ငါမယုံနိုင်ဘူး…အဆုံးသတ်မှာ ဝေးသွားကြလေသတည်း ဆိုတာကို
မယုံနိုင်ပြန်ဘူး
မိန်းကလေးရေ … ခက်ပြန်ရဲ့
သောကြာနေ့ကတော့
ငါတို့ကို အသေချာစောင့်နေတော့မယ်
ဒီလွယ်အိတ်ထဲမှာ တောင်လိုပုံ စကတ်ခ်ျ ခြစ်ထားတဲ့ကဗျာတွေ
နင့်ကိုမပေးဖြစ်တော့ဘူးဆိုတာသေချာသွားတဲ့ ပီကေတောင့်လေး
နင့်လက်ရေးလက်သား ဗလာစာအုပ်လေးတို့ ကိုယ်ချင်းကိုယ်ချင်း
ငြိမ်သက်နေကြတယ်
ဆူးခတဲ့ နင့်ရဲ့အပြုံးလေးကိုပဲ ငံ့လင့်နေတာ ဖြစ်မှာပါ
လက်လှမ်းမမှီတော့ဘူး
ငါတို့ရဲ့ စိတ်ကူးတွေဟာ
လက်တွေ့ဖြစ်လာဖို့ဆိုတာထက်
နှစ်ယောက်သားတောင် မနီးကပ်နိုင်တော့ဘူး
ငါတို့ရဲ့ ပြေလည်ရာပြေလည်ကြောင်း ဘ၀တွေက
ငါတို့ကို ခွဲသောလမ်းတွေဆီ ခေါ်ဆောင်သွားတော့မယ်
လက်လှမ်းမှီတော့ပြန်ဘူး
ဟိုး အက်ဇရာပေါင်းကဗျာတွေဆီကနေ
ဟိုး အတိတ် အတိတ်တွေထိ
၁…၂…၃…၄…၅…၆
ငါ စိတ်တွေမငြိမ်ဘူး
၁…၂…၃…၄…၅…၆
နင် အဆင်မှ ပြေပါဦးတော့မလား
၁…၂…၃…၄…၅…၆
လွမ်းကြရတော့မှာပါ…တို့တတွေ
သောကြာနေ့ကတော့
ငါတို့ကို အသေအချာကို စောင့်နေဦးတော့မယ်
ဒီအတိုင်းပဲ
ရွာငယ်လေးက ကလေးတွေကလည်း
ငါ့ကို စောင့်နေတော့မှာပဲ
ငါသင်ပြရမယ့် သင်ခန်းစာတွေကလည်း
ငါ့ကို စောင့်နေတော့မှာပဲ
မိန်းကလေးရေ
ဆောင်းဦးပေါက်တွေ အခါပေါင်းများစွာပြန်လာလိမ့်မယ်
လျှပ်စစ်မုန်းတိုင်းတွေ စဉ်ဆက်မပြတ်ပြန်လာလိမ့်မယ်
ဒါပေမယ့်… စောင့်နေကျ အင်တာနက်ဆိုင်လေးဆီကို
သောကြာနေ့မှ ငါပြန်မလာဖြစ်တော့ဘူးဆိုရင်
နင်လည်းပြန်မလာပါနဲ့တော့
နေ့တိုင်းမဟုတ်တောင်
သောကြာနေ့တိုင်း…သောကြာနေ့တိုင်း
ပြန်မလာပါနဲ့…
အင်တာနက်ဆိုင်လေးဆီ ပြန်မလာပါနဲ့
အခန်းနံပါတ်(၃)ဆီ ပြန်မလာပါနဲ့
စက်နံပါတ်(၂၄)ဆီ ပြန်မလာပါနဲ့
တစ်ခါက ကလစ်ခေါက်သံတွေညံခဲ့ဖူးတဲ့နေရာလေး
ခုများတော့…အလွမ်းတွေဝေနေမှာပါပဲ
သောကြာနေ့မှ ငါပြန်မလာဖြစ်ဘူးဆိုရင်
ဒီနေရာကို…ငါတို့ရဲ့ ဆုံရပ်နေရာလေးကို
နင်လည်း ပြန်မလာပါနဲ့တော့
ဆူးရင့်ရဲထင်းပြီး ကြွေခဲ့ရတဲ့ နှင်းဆီပင်လေးအကြောင်း
မဖြည့်ဆည်းပေးနိုင်တဲ့ ငွေကြေးနဲ့ ဇိမ်ခံပစ္စည်းတွေအကြောင်း
ငေးကြည့်တပ်မက်နေယုံနဲ့ ကျေနပ်ခဲ့ရတဲ့ ငါတို့အကြောင်း
ဆူးနဲ့တင်စားပြီးရေးလေ့ရှိတဲ့ ကဗျာတွေထဲ ကောင်မလေးဟာ နင်ဖြစ်ကြောင်း
ဖြစ်ကြောင်းအထွေထွေ အိပ်မက်ခြစ်ရာတွေနဲ့ ခေါင်းစဉ်မပါတဲ့ ဂျီမေးလ်တွေကို
ဖောက်မဖတ်တော့ဘူးကွယ်
သောကြာနေ့မှ ငါပြန်မလာရင်
နင်လည်း ပြန်မလာပါနဲ့တော့
ဒီနေ့ကို ငါတို့ဖြတ်သန်းရမယ်
ဒီနှစ်ကို ငါတို့ဖြတ်သန်းရမယ်
ဒီကာလကို ငါတို့ဖြတ်သန်းရမယ်
သောကြာနေ့တွေကို ငါတို့ဖြတ်သန်းရမယ်
တောက်ပခြင်းတွေနဲ့ စိတ်ငြိမ်ပါစေသား
တို့တွေ ဘ၀တစ်ပါးစီမှာ ပြန်ဆုံဖြစ်ကြဦးမလား
တစ်ခါက ရယ်ရွှင်မြူးတူးခဲ့ရသော ဘ၀များ
သိမှတ်မိပါစေ
ကွဲကွာခြင်းကို ဘယ်လိုကျပ်ခိုးတွေနဲ့
မှိုင်းတိုက်မလဲ …ဖြေ
အဝေးဆုံးတစ်နေရာရာမှာ
အဝေးဆုံးတွေအကြောင်း ပြောပြီး
ဂုဏ်ယူနေပါ့မယ်
တစ်ကာလက နမ်းရှိုက်…လှမ်းပိုက်ခဲ့ဖူးတဲ့
ဆံပင်တွေအတွက် ဇွန်ပန်းတွေ
သီကုံးနေပါ့မယ်
ဒီကဗျာကို ငါ့ဝက်ဆိုက်မှာ ဖတ်ပါ
မဂ္ဂဇင်းပေါ်မှာ ဖတ်ပါ
ရင်ဘတ်ထဲမှာ ဖတ်ပါ
နားလည်ပါ
လက်ခံပါ
အေး တစ်ခုပဲ
သောကြာနေ့ရောက်မှ ငါပြန်မလာဖြစ်ဘူးဆိုရင်
နင်လည်း ပြန်မလာပါနဲ့တော့
ရွှေ ကြယ် မိုး
www.shwekyalmoe.blogspot.com
Comment #2
ကျွန်တော် နှစ်သက်စွာဖတ်ရှု ခံစား အားပေးသွားပါတယ်
Comment #1
မိုက်တယ် မိုက်တယ် အကို ရေးထားတဲ့ စာသားတွေက…. ချစ်စရာကောင်းတယ်
အားကျလျက်
– နိုးဆက် နေ့