ဧည့်ခန်းထဲက သူငယ်ချင်း
ဆောင်းညခင်းတွေမှာ
နွေးနွေးထွေးထွေး ရှိရဲ့လား သူငယ်ချင်း
ငါကတော့
မှောင်ရီဖျိုးဖျ ဆောင်းညခင်းတွေမှာ
လွန်လေပြီးသော ဆယ်စုနှစ်တစ်ခုက
ဆောင်းလေအေးတွေရဲ့ အထိအတွေ့တွေကို
ဖြတ်ဖြတ်ခါအောင် သတိရမိတယ်…
စက်ဘီးလေးနှစ်စီးဟာ
အရိပ်တွေကို တစ်ခုပြီး တစ်ခု ချန်လို့
ဆောင်းလေအေးတွေက ငါတို့မျက်နှာကို
မညှာမတာ တို့ထိလို့
ငါတို့ဆံပင်တွေက အရိုင်းဆန်ဆန်လွင့်လို့
ပါးမှာ သနပ်ခါးမရှိတဲ့ ကျောင်းသူလေးနှစ်ယောက်ဟာ
တစ်ယောက်အသံ တစ်ယောက်ဖုံးအောင် အော်ဟစ်ရယ်မောလို့…
ရှမ်းကုန်းပိုင်းထိပ်ကို ရောက်ရင်
လက်ပွားပါတဲ့အန်တီကြီးရဲ့
ငါးကြော်မှုန့်တွေ အများကြီးနဲ့
ရခိုင်မုန့်တီမှာ ငါတို့တွေ ခေါင်းမဖော်နိုင်ခဲ့ကြဘူး…
နောက်ပြီး ပြေပြေလေး လျှောဆင်းသွားတဲ့
ကုန်းဆင်းတစ်လျှောက်မှာ
လွတ်လပ်ခြင်းရဲ့ အရသာဟာ
သက်တောင့်သက်သာ…
(စကားမစပ် ဘ၀မှာ တစ်ခါလောက်တော့
ကုန်းဆင်းကလေးတစ်လျှောက် လျှောချဖူးချင်တယ်ဟာ…
ခုချိန်ထိတော့ တက်နေရတုန်းပဲ
နင်ရော…)
နင်နဲ့ငါဟာ
အကောင်ပေါက်စ ကထဲက သူငယ်ချင်း
တစ်ယောက်ရဲ့ရာသီဥတုကို
တစ်ယောက်ဖတ်တတ်တဲ့ ကျောင်းသွားဖော်
ငါ (၁) လမ်းကနေ လျှောက်
(၄) လမ်းကိုရောက်ရင် နင့်ကိုဝင်ခေါ်
နောက် သိပ္ပံလမ်းမှာရှိတဲ့ ငါတို့ရဲ့ ကျောင်းတော်
အတူသွားခဲ့ကြတယ်
နင့်အဖွားချက်ပေးတတ်တဲ့
ချဉ်ပေါင်ဟင်းတစ်ခွက်ဟာ
ငါ့နှလုံးသားအတွက် အဟာရပဲ…
ငါတို့နှစ်ယောက်ဟာ
တစ်ယောက်ထီးအောက် တစ်ယောက်ခိုရငိး
တစ်ယောက်ထမင်းချိုင့်တစ်ယောက်ကူဆွဲရငိး
တစ်ယောက်စက်ဘီးနောက် တစ်ယောက်ထိုင်လိုက်ရင်း
တစ်ယောက်စာအုပ်မှာ တစ်ယောက်နာမည်ထိုးရင်း
တစ်ယောက်ခဲတံကို တစ်ယောက်ကချွန်ပေးရင်း
တစ်ယောက်နှလုံးသားမှာ တစ်ယောက်ပြဌာန်းလို့
သွေးမတော်သားမစပ်တဲ့ တစ်စိမ်းနှစ်ယောက်ဟာ
မေတ္တာတရားအကြောင်းသင်ယူခဲ့ကြတယ်…
နင်က မှုန်တိမှုန်ကုပ် အေးစက်စက်နဲ့ စကားနည်းတဲ့သူ
ငါက စကားခပ်များများနဲ့ ထစ်ခနဲရှိ လက်ပါတတ်တဲ့သူ
နင်ဟာ လွတ်လပ်တဲ့သူ
သင်္ချာကိုတောင် နင်ယုံကြည်တဲ့ နည်းနဲ့ပဲ တွက်ချက်လို့
ငါက ကြောက်တတ်တဲ့သူ
စာကျက်ရင်တောင် ၏ နဲ့ သည် လွဲမှာ စိုးတဲ့သူ
ဒီလို လူနှစ်ယောက်ဟာ
မတူကွဲပြားခြားနားခြင်းတွေ အကြောင်းနားလည်လို့
ငြိမ်းချမ်းရေးဟာ ငါတို့နှစ်ယောက်ကြားမှာ
ဆွတ်ဆွတ်ဖြူခဲ့တယ်…
ငါက နင်ထိုင်ဖို့ဖျာလေး တစ်ချပ်
ထန်းလက်နဲ့ ရက်ပေးခဲ့ဖူးတယ်
နင်က ငါ့အတွက်
ပန်းနုရောင် ၀က်ဝံရုပ်ကလေး လက်ဆောင်ပေးခဲ့ဖူးတယ်..
မှတ်မိသေးလား သူငယ်ချင်း
တစ်ခုသော နွေဦးရဲ့ တနင်္ဂနွေနေ့မှာ
အင်္ဂလိပ်စာ ဆရာမ ဆီက အပြန်
အိမ်တစ်အိမ်မှာ ငုဝါပန်းတွေက တစ်ကိုင်းလုံးခဲလို့
ငါ့ရဲ့တောင်းဆိုမှု အဆုံး
ခြံစည်းရိုးပေါ် လှစ်ခနဲရောက်သွားတဲ့ နင်
လူကြီးတစ်ယောက်ရဲ့ “ ဟိတ် “ ဆိုတဲ့ အသံမှာ
ငါတို့တွေ ပြေးပေါက်မှား
ဒါတောင် လက်ထဲက ပန်းကိုင်းကို နင်လွှတ်ချမပစ်ခဲ့ဘူး…
ဒါဟာ ဆယ်စုနှစ် တစ်ခုစာလောက်
မြို့တော်ရဲ့ လမ်းမတွေ အပေါ်
ငါတို့ရဲ့ ခြေရာတွေ ယှဉ်ခဲ့ဘူးတဲ့ အကြောင်းပေါ့…
မြစ်တွေကွေ့ကောက်တာ
ဘ၀ရဲ့ အကွေ့အ၀ိုက်တွေကို မမှီနိုင်ဘူး သူငယ်ချင်းရဲ့…
ဒီလိုနဲ့ ငါဟာ
အတိတ်ရဲ့တစ်နေရာမှာ
နင်နဲ့ ဇာတိမြေကို ကျောခိုင်းလို့…
ခပ်ဖြည်းဖြည်းနဲ့ပဲ
ငါတို့နှစ်ယောက်ဟာ
တစ်ယောက်ရဲ့ရှေးရှုရာမှာ
တစ်ယောက်ဟာ ပျောက်ရှလို့…
တစ်ယောက်ထုဆစ်လိုက်တဲ့ အိပ်မက် အပိုင်းအစဟာ
တစ်ယောက်မှာ လွင့်စင်လို့…
တစ်ပင်ရဲ့ မြေစာခဲဟာ
တစ်ပင်ရဲ့ ရှင်သန်မှုနဲ့ အလှမ်းဝေးလို့…
တစ်ယောက်ရဲ့ သတင်းစကားဟာ
တစ်ယောက်နားမှာ မှိုပွင့်တွေလိုမျိုး
မိုးလေးလည်း တစ်ပြိုက်နှစ်ပြိုက်ကျမှ
နေလေးလည်းသာမှာဆိုတာလိုမျိုး…
ဒါပေမဲ့ စိတ်ရဲ့ အကွာအဝေးဆိုတာ
ခြေ ဘယ်နှစ်လှမ်းစာ လို့
တိုင်းတာလို့ မရကောင်းတဲ့ အရာ…
သူငယ်ချင်းရေ…ငါ နွယ်ငြိမ်းအေးပါ…
အခု ငါ နှင်းတွေကြားမှာ လမ်းလျှောက်နေပါတယ်
ဝတ်မှုန်အသေတွေဆီ လှမ်းငေးမိတော့
စက်ဘီးလေးနှစ်စီးပေါ်က
ကျောင်းသူလေးနှစ်ယောက်ကို တွေ့ရတယ်
ဒါနဲ့ပဲ ဒီကဗျာကို ငါရေးဖြစ်ပါတယ်…။
Comment #3
တကယ်ပဲ ငယ်ငယ်က သူငယ်ချင်းတွေကို သတိရမိတယ် ဒီကဗျာကို ဖတ်ရင်း……….
လွှတ်ကောင်းတဲ့ ကဗျာတပုဒ်ပဲ…….ညီမလေး
Comment #1
သူငယ်ချင်းတွေကိုတောင် သတိရသွားတယ် အမ