ပန်းတစ်ခက် … ရနံ့တစ်ပွင့် နှစ်များစွာတင့်စေသား – သွဲ့သွဲ့
ကျွန်မသည် မိန်းကလေးတစ်ယောက်ဖြစ်၏
လက်တစ်ဖက်ဖြင့်
တဘက်ယက်ရင်း
လက်တစ်ဖက်ဖြင့်
စောင်းခတ်ပါသည်…။
နှင်းဆီတစ်ပွင့်၏ အဆင်းသည်
ကျွန်မထက် အဆတစ်ထောင် တင့်ပါသည်.
သို့သော်
ကျွန်မ၏ ကိုယ်ကျင့်တရားတွင်
နှင်းဆီက ရိုကျိုးစွာ ခစားပါသည်..။
ကဗျာကို ကျွန်မချစ်ခဲ့သည်…။
ထိုမျှ..
ဖြူစင်သော ကျွန်မနှလုံးသားသည်
ကဗျာများအတွက်…
ချစ်သူ၏ အိပ်မက်များအတွက်…
ဆေးတစ်ခွက်သော်လည်းကောင်း
သို့မှမဟုတ်
အသွယ်သွယ်သော ပန်းတို့ နီမြလှပရန်
သွေးတစ်စက်ဖြစ်ရပါစေသား..။
ကျွန်မသည် မိန်းကလေးတစ်ယောက်ဖြစ်ပါသည်..။
တစ်စုံတစ်ယောက်၏ မျှော်လင့်ချက် မနက်ဖြန်များအတွက်
ကျွန်မကိုယ်တိုင်၏
မယိုင်လဲသော သစ္စာတရား လက်ကျန်ရှိသမျှအတွက်
ကျွန်မ အသက်ရှင်ပါ၏..။
ချစ်သူက
ကျွန်မအတွက်
နှင်းစက်တို့နှင့် စီးချင်းထိုးခဲ့ပါသည်..
ကျွန်မ ထိုးနေသော တဘက်သည်
ချစ်သူအတွက်
အချစ်သင်္ကေတထက်မြတ်သော
ရည်ရွယ်ရာ လက်ဆောင် သက်သက်တစ်ခုဖြစ်ပါသည်..။
ကျွန်မ၏ စောင်းခတ်သံတို့တွင်
ချစ်သူ အိပ်စက်သွားသောညများ
ကျွန်မ..
တန်ဖိုးအထားဆုံး အောင်မြင်မှုအဖြစ်
သမိုင်းမှာ တွင်ကျန်ရစ်ပါစေ..။
ကျွန်မချစ်သူသည်
ကျွန်မအပေါ်ကျသော မိုးစက်များကို ကာ၍
သူ့ခန္ဓာကိုယ်အား
ထီး ဖြစ်စေသူတစ်ယောက်ဖြစ်ပါသည်
နှင်းဆီနီနီကလေးများကိုချိုး၍
ကျွန်မအား ရိုကျိုးစေသူ ဖြစ်ပါသည်..။
ကျွန်မသည် မိန်းကလေးတစ်ယောက်ဖြစ်ပါ၏.။
လက်တစ်ဖက်ဖြင့်
ချစ်သူအတွက် တဘက်ကလေးယက်ရင်း
လက်တစ်ဖက်ဖြင့်
သူ့အတွက် စောင်းခတ်ပါသည်..။။။။
သွဲ့သွဲ့
Comment #3
ကဗျာတစ်ပုဒ်လုံး..စာသားတွေ..စိတ်ထားမှုတွေ..
တကယ်ကောင်းလိုက်တာဗျာ…။မသွဲ့သွဲ့….ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ…
Comment #5
တဂိုးရဲ့ကဗျာတွေကိုတောင် အမှတ်ရသွားမိတယ်ရှင်
Comment #6
ကျေးဇူးတင်ပါသည် ကိုတက်ခေတ်ကြီးနှင့် ကိုကိုမမတို့ ရှင့်
Comment #7
သွဲ့သွဲ့…..ငါ ဒီကဗျာလေးကို အရမ်းချစ်တယ်.. ကျေးဇူး
Comment #10
Nice
Comment #1
သူငယ်ချင်းရေ….သွဲ့သွဲ့ ငါကြိုက်လွန်းလို့ တင်လိုက်တယ်နော်…
ငါ…ဒီကဗျာလေးကို အရမ်းကြိုက်တယ်..။ ပထမဆုံး စဖတ်ရတုန်းကတည်းက ငါကူးချင်တာ
အခု..ငါ့ထဲမှာ တင်လိုက်တယ်..။ ငါ့အခန်းထဲမှာလည်း စာရွက်လေးနဲ့ကပ်ထားတယ်..။
..ထာဝရ ပျော်ရွှင်ပါစေ…သွဲ့လေး
သူငယ်ချင်း
နိုးဆက်နေ့ (ခ) တက်ခေတ် (ခ) သန့်နိုင်ဦး