လမ်းပျောက်တဲ့ ည
သီချင်းတစ်ပုဒ်ကို
ခပ်တိုးတိုးပဲ ညည်းဆိုနေမိရင်း
စိတ်ဓါတ်တွေ ဟိုးအဝေးက
သောင်ပြင်ကမ်းစပ် တစ်ခုမှ
ဝမ်းနည်းပက်လက်နဲ့ ငိုချင်းချ။…။
ဘယ်တော့မှ ဇာတ်ကားမလဲတဲ့
ရုပ်ရှင်ရုံအိုကြီးတစ်ခုလို
သူ့အတွေးတွေ ခဏခဏ ပြသ။..။
လူသားဆိုတာကတော့
သူကတဲ့ဇာတ်လမ်းတိုင်းမှာ
မင်းသားပါပဲ။…..။
ဒါပေမယ့်…. ဒါပေမယ့်ပေါ့လေ
သူကနေတဲ့ သူ့ဇာတ်လမ်းမှာ
လူဆိုးလား.. ဇာတ်ပို့လား…
ခွဲမရတဲ့ သူကိုယ်တိုင်
ဒါရိုက်တာဝင်လုပ်နေသေးတယ်။…။
အကယ်ဒမီ ရ.မရတော့ မသေချာပေမယ့်
ကောင်းကင်ပေါ်မှာ မြစ်တွေစီးနေတာတော့
သေချာတယ်။…။
သိပ်တော့မကြာတော့ပါဘူး.
မင်းလည်း ဒီရောဂါနဲ့ပဲ သေမှာပဲ….
တကယ်လို့ သေသွားခဲ့ရင်လည်း
ကြာရင်မေ့သွားမှာပါ။…
အမှားတစ်ခုလား.
အဓိပ္ပာယ်လွဲနေတဲ့ ခေါင်းစဉ်တခုလား
ချောက် နက်နက်တစ်ခုလား..
ဆွဲတင်နေတယ့်ကြိုးလေးတစ်ချောင်းကို
တန်ဖိုးမဲ့အောင် ပြောခဲ့လိုက်စမ်းပါ။…။
နံရံတိုင်းဟာ စကားမပြောတတ်ပေမယ့်
မျက်စိနဲ့ နားတွေ ပါနေတယ်
အမုန်းဆုံး နဲ့ ဈေးအပေါဆုံး ကုန်ပစ္စည်းတစ်ခုကို
ငါ့ကို ဖောဖောသီသီနဲ့ ရောင်းခဲ့စမ်းပါ
ငါ စားသုံးနေပါတယ်။..။
အတောမသတ် လောဘတွေနဲ့
လက်ဝေခံတွေဘ၀ကို
နင်းခြေပစ်မယ် လူတွေ
အရောင်မျိုးစုံ ယူနီဖောင်းတွေ
ဇာတ်တူသားစားတဲ့ ယုန်သူငယ်တွေ
အင်း…..
ဒီဇာတ်လမ်းကတော့ ကိုရီးယားဇတ်လမ်းတွေလို
ဘယ်တုန်းကမှ ဇတ်သိမ်းခန်း မရောက်ပဲ
အတွဲတွေသာ များလာခဲ့တယ်။…။
ရိုးသားမှူ၊ အမှန်တရား
ဖြောင့်မတ်မှန်ကန်မှူတွေ
ပိဿာချိန်နဲ့ ရောင်းစားလို့တောင်
ဈေးဖြတ်မယ့်သူမရှိတဲ့
ခပ်ညံညံ ကကွက်တခုကို
တွဲချည်ထားတဲ့ ဘ၀တွေအတွက်
ပုံမကျ ပန်းမကျ ဆက်ကနေဆဲပဲ။…။
နောက်ဆုံးဇတ်သိမ်းပိုင်းက
ငါ့အတွက် ပန်းသီးအပုပ်တစ်လုံးတောင်
မကျန်နိုင်ဘူးဆိုတာ သိနေပေမယ့်
ငါလေ ဆက်တော့ ကနေရဦးမှာပဲ…။….။
Comment #2
ကျေးဇူးပါ မေပျို. ပန်းသီးပင်လေး စောင့်ယူနေပါ့မယ်
Comment #1
နောက်ဆုံးဇတ်သိမ်းပိုင်းက
ငါ့အတွက် ပန်းသီးအပုပ်တစ်လုံးတောင်
မကျန်နိုင်ဘူးဆိုတာ သိနေပေမယ့်
ငါလေ ဆက်တော့ ကနေရဦးမှာပဲ…။….။
ပန်းသီးတစ်ပင်ပေးပါ့မယ် အားမငယ်ပါနှင့်နော်