I M M O R T A L
(00း05)
မျက်ရည်တွေ သီးသန့်ပိုင်ဆိုင် တဲ့မျက်ဝန်းတခု အဖြစ်နဲ့ သူဟာ အိပ်မက်ဆန်ဆန် လမ်းလျှောက်ရင်း …
သစ္စာတရားဆိုတာ ကို မျက်ကွယ်ပြုထားခဲ့တယ်
(00း10)
မတွင်ကျယ်ပါဘူးဆိုတဲ့ လမ်းကို မှ သူရွေးလျှောက်
သူ့သွေးသောက်ဖို့  အတွက်တဲ့ အန္တရာယ်တချို့က အနားကပ်လာတယ်
တဖြည်းဖြည်း နီးကပ်လာ…. အနီးဆုံးကိုအရောက်မှာ ဒဏ်ရာတွေသာ
စီးဆင်းနေတဲ့ မြစ်တစ်စင်းကိုအတွေ့  …
အန္တရာယ်တွေဟာ စိတ်ပျက်လက်ပျက် တက်ခေါက် ပြန်လှည့်သွားကြလေတယ်
သူကတော့ ဒဏ်ရာတွေနဲ့ ပျော်လို့  သူ့မှာ သွေးမရှိတော့တာ သူမသိတဲ့အတိုင်း
(00း15)
သူလားရာ လမ်းတလျှောက်မှာ မီးတွေ လင်းပနေတဲ့ လမ်းသွယ်လေးတွေ့တယ်
မီးစာမပါတဲ့ ဓာတ်တိုင် အခွံတွေကိုလည်းတွေ့ တယ်
ရယ်သံထွက်နေတဲ့ အပြုံးအက်တွေကိုလည်းတွေ့တယ်
သူသာ နားခိုရင်ဆိုတဲ့ အတွေးနဲ့ သစ်ပင်တချို့ အရိပ် ကိုအယောင်ဆောင်ပေးထားတာမျိုးလည်းတွေ့တယ်
ဒါပေမယ့် သူဟာ…. ဒဏ်ရာကိုမြိုက်မယ့် ပင်လယ်နဲ့အတူမျောပါလာတဲ့ ဗေဒါပန်းကလေးကိုမှ ရွေးမြင်ခဲ့တယ်
(00း20)
သူပင်ပန်းစပြုလာတယ် ..ဒါပေမယ့် အံကြိတ်လို့ မာန်တင်းနေတုန်းပဲ
သူအပြုံးဟာ အမုန်းတွေနဲ့ခတ်ထားတဲ့ အိပ်မက်ပန်းတပွင့်ပေါ့
ခူးဆွတ်ယူဖို့ လက်တွန့်သူတွေချည်းပဲ ဒါကိုပဲ သူဟာ မာန်တက် …
သူ့မှာ အပေါဆုံးဆိုတဲ့ ဒဏ်ရာတွေကို အရောင်တင်ပြီး ဗေဒါပန်းကလေးကို ရင်ခွင်ပိုက်ထားခဲ့တယ်
(00း25)
သူ လူဆန်ဆန် ရယ်တတ်လာတယ် သူ လူသားဆန်ဆန် ငိုတတ်လာတယ်
သူဟာ အခု လူတိုင်းကိုလည်း ဖက်လည်းတကင်းနဲ့ ပြုံးပြဖော်ရွေတတ်လာပြီဖြစ်တယ်
သူဟာ မနက်ခင်းနဲ့ညနက်တိုင်းကို ဗေဒါပန်းလေးရဲ့ နှလုံးခုန်သံကြားမှာ
ချွေးသိပ်တတ်နေပြီလည်းဖြစ်တယ်
သူ့မှာ ဘယ်သူမှ မပြောတဲ့ အမောပြေလေး ရှိနေခဲ့ပြီဖြစ်တယ်
(003း0)
သူ့အလင်းတွေဟာ နွေတရာကျမ်းစာတစောင်လိုပဲ အချိန်အခါမသိတော့ပဲ
ထင်း ပ လာခဲ့တယ် သူဟာ ပျော်ရွှင်ခြင်းဆိုတာကို သိတတ်နားလည်လာပြီး
ဝမ်းနည်းကြေကွဲရခြင်းဆိုတာကိုလည်း ခုံမင်တတ်လာခဲ့ပြီဖြစ်တယ်
(003း5)
သူဟာလေညင်းသွေးတဲ့ ညနေခင်းတခုမှာ ဗေဒါပန်းလေး လန်းဆန်းခြင်းတွေမဲ့လို့ 
သူ့ကိုခွဲခွာသွားမယ်ဆိုတာ ဒဏ်ရာတွေနဲ့အသားကျနေခဲ့တဲ့ သူ့နှလုံးသားရပ်ဝန်းက သူကြားခဲ့ရတယ်
သူငိုခဲ့တယ် တနေ့နဲ့ တညတိတိ မျက်ရည်မတိတ်ခဲ့ဘူး ပြီးတော့ သူဟာလက်ပန်းမကျယုံမက ဗေဒါပန်းလေးကို မျက်ရည်တွေနဲ့ သွန်းလောင်း ယုယနေခဲ့တယ်
(00း40)
နေ၀င်နေထွက် မမှန်တော့တဲ့ သူခြေလှမ်းတွေဟာ အပါယ်ငရဲကိုသွားနေရတဲ့အလား
တဖြည်းဖြည်းလေးကန်လာတယ်
ဘယ်တုန်းကမှ မရပ်တန့်ဖူးတဲ့ သူဟာ ဗေဒါပန်းကလေးကို အလှဆုံးဆိုတဲ့
ပန်းအိမ်ကလေးမှာ ထားလို့  မျက်ရည်ခမ်း မျက်ဝန်းအိမ်နဲ့ အတူ နှုတ်ဆက်ရင်း
သူ့နှလုံးသားကို ဗေဒါပန်းကလေးရဲ့ အပြုံးမှာ ဌာပနာ တည်ထားခဲ့တယ်
(00း45)
သူ မငိုခဲ့ဘူး သူ မရယ် ခဲ့ဖူး သူဟာ ဘာမှမဖြစ်တဲ့ လေ လိုပဲ လွင့်ချင်တိုင်းလွင့်ဖို့ ရဲရင့်ခဲ့တယ်
ပြီးတော့ တယောက်ထဲကြားနိုင်မယ့်
သူကိုယ်တိုင် သီကုံးထားတဲ့ သီချင်းမဟုတ်တဲ့ စကားလုံးတချို့ကို ရေရွတ်နေခဲ့တယ်
“ဗေဒါပန်းကလေးရယ် ငါ …. နင့်ကို လွမ်းတယ် တဲ့” ချစ်တယ်ဆိုတဲ့ စာသားကိုသူမသုံးခဲ့ဘူး
(00း50)
ဗေဒါပန်းကလေးဟာ အသစ်အသစ်သောလန်းဆန်းမှုတွေနဲ့ ဘ၀ဆိုတာကို
တက်ခတ်လို့ လှော်တတ်နေပြီဆိုတဲ့အကြောင်း သူ့ရဲ့အတိတ်တိုင်းမှာ
အောင်မြင်မှု ပန်းတိုင်လို ဂုဏ်ယူစွာ စိုက်ထူနေခဲ့တယ်
ကြည်နူးခြင်းဆိုတာကို နားမလည်ပဲနဲ့ သူကြည်နူးနေခဲ့တယ်
(00း55)
သူဟာ မောပန်းနွမ်းလျနေတဲ့ လမ်းခရီးမှာ နှလုံးသားမပါပဲလျှောက်ခဲ့ရတဲ့အတွက် နှစ်ဆ ပိုမို ခက်ခဲပင်ပန်းခဲ့တယ်
(006း0)
သူဟာ စက္ကန့်ဆိုတာကို ဗေဒါပန်းကလေးရဲ့ ပွင့်ချပ်လေးတွေနဲ့တိုင်းတယ်
သူဟာ မိနစ်ဆိုတာကို ဗေဒါပန်းကလေးရဲ့ ရနံ့နဲ့တိုင်းတယ်
သူဟာ…….. ဘ၀ ဆိုတာကို ဗေဒါပန်းကလေးလို့ သတ်မှတ်ထားခဲ့တယ်
(00း00)
သူ အသက်မရှုတော့ဘူး သူလမ်းမလျှောက်တော့ဘူး သူ့ရင်ဘတ်မှာ
လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပြီပဲဖြစ်တယ်
ဒါပေမယ့်
သူဟာ အသက်ရှင်နေဆဲပဲဖြစ်တယ် ဗေဒါပန်းလေး လန်းဆန်းနေသရွေ့
(သူဟာ ဗေဒါပန်းကလေးကို အသက်နဲ့ ဆက်ပြီး ဖူးပွင့်စေခဲ့ ဘယ်တော့မှ မကုန်ဆုံးမယ် မြတ်နိုးခြင်းတွေနဲ့ပေါ့
သူဟာ ဗေဒါပန်းကလေးကို အသက် ထက် ပိုကာ ချစ် ခဲ့တယ်)
Comment #3
အရမ်းကောင်းတယ်

Comment #1
!_!
!_!
!_!
Hit to my heart deeply.