Professional Authors

နေရောင်ခြည်နှင့် တွေ့ဆုံခြင်း (ပိုင်စိုးဝေ)

လေထုကိုဖြတ်သန်းစဉ်မှာ
ငါဆိုတာရှိခဲ့ပြီ
ငါရှိကြောင်း သေချာခဲ့ပြီ။
တစ်စုံတစ်ယောက်က
“နေမင်းပိုင်စိုး” လို့ခေါ်လိုက်စဉ်မှာ
ငါမရှိကြောင်း သေချာခဲ့ပါပြီ။
 
အလင်းအားတစ်ခု ဖြတ်သန်းမည့်ဆဲဆဲ
“ကြေကွဲရတော့မယ်” တဲ့
ညရဲ့ဝိညာဉ်တွေက။
 
ရေကျချိန်တွင်
မျောပါသွားသည့် အမှိုက်တစ်စပမာ
နာကျင်စွာ
ပျော်ရွှင်နာကျင်စွာ
ရာဇ၀င်ကားချပ်ပေါ်မှာ မဆုတ်မနစ်
သွေးသစ်များဖြင့် လန်းဆန်းလတ်ဆတ်
အဆက်မပြတ် အချစ်စိတ်ယိုစီးမှုများနဲ့
မွေးဖွားခဲ့တဲ့ငါပါ။
ပန်းရိုင်းတွေက မြေကြီးပေါ်မှာဖူးပွင့်လို့
ငှက်ကလေးတွေ လေထဲမှာပျံသန်းလို့
အဝေးကြီး
ဟိုး . . . . . . အဝေးကြီးကရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘ၀တစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဘူးကွယ်။
အားလုံးဟာ
မီးတောက်ထဲမှာ သန္ဓေ္ဓတည်ခဲ့တဲ့
ရောဂါပိုးတွေပဲ
အသွေးအသားတွေနဲ့
ငါ့ရဲ့
ငါ့ရဲ့အသွေးအသားတွေနဲ့
အတုမဲ့ ယှဉ်ပြိုင်ဝံ့သူမရှိတဲ့
သူရဲကောင်းဖြစ်လာမယ့်နေ့ထိ
အသွေးအသားတွေနဲ့
ငါ့ရဲ့အသွေးအသားတွေနဲ့။
 
အိုကွယ် . . . မိန်းကလေးရဲ့
နာကျင်မှုနဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။
 
သတိတရတမ်းတစိတ်တွေနဲ့
ရွှေချထားတဲ့စကားလုံးများမပါဘဲ
မိန်းကလေးရေ
ရိုးရိုးပဲ ငါလွမ်းလိုက်တော့မယ်။
 
ငါဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ
ဘုရားသခင်တောင် ငြင်းနိုင်မှာမဟုတ်ဘူးကွယ်။
 
ဘာသာဗေဒမဲ့
မွေဖွားလာခဲ့ရတဲ့ တို့အချစ်များ
နှလုံးသားအကြောင်း ပြောဆိုခွင့်မရှိ။
နွမ်းလျ၊ ပင်ပန်း၊ ရီဝေစွာ
ကြည်နူး၊ ချိုမြ၊ ရင်ခုန်စွာ . . .။
 
တစ်ခါတလေတော့လည်း
အသည်းနှလုံးမရှိသူတွေလို ရယ်မောကြ
အနာဂတ်မရှိသူတွေလို
ကလေးဆန်ကြရင်း
အသံလှိုင်းလေးများ
တဖြည်ဖြည်း နိမ့်ဝင်ပျောက်ဆုံးသွားတဲ့အခါ
ခွဲခွါဖို့ တို့သိကြပြီ။
ဟိုယခင်
မင်းနဲ့ငါ ဟိုယခင်တွေ့စ
ဒီဇင်ဘာရဲ့  ညနေတစ်ခုမှာ
ငါ ကဗျာဆရာလေ
နင်၊ သင်ခန်းစာထဲအိပ်ငိုက်သူ
ဘွဲ့အထပ်ထပ်ယူဖို့ ကြိုးစားသူ
မုန့်တီစား၊ ရုပ်ရှင်သွား၊ ပုတီးစိတ်
ဘုရားဝတ်ပြု၊ စာဖတ်
လက်ထပ်စာချုပ်ကို တစ်နှစ်တစ်ကြိမ် အတည်ပြုရသူ။
 
အံကြိတ်ပြီးခေါင်းငုံ့ရတဲ့အခါ
အားတင်းပြီး ကျောခိုင်းကြတဲ့အခါ
မာနဆိုတာ
ကြေကွဲခြင်းပဲ ဖြစ်လိမ့်မယ်။
 
ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ
ဒုတိယလူဆိုတာ
တတိယလူနဲ့ အတူတူပါပဲကွယ်။
 
ငါ
မိုက်မဲစွာရင်ခုန်တတ်သူ
အပွန်းအပဲ့များစွာ ဒဏ်ရာအပြည့်နဲ့လူ။
မင်းလည်း
ငါ့လိုပဲ ရင်ခုန်တတ်သူ
သို့ပေမယ့်
အသည်းနှလုံး စကားမပြောတတ်သူ။
 
အိုကွယ် . . . ထားခဲ့တော့
ထားခဲ့တော့ကွယ်
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့။
 
ခွဲခွာရမယ့်
အနာဂတ်ရဲ့  ညနေတစ်ခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့အတွက်
မျက်ရည်တွေနဲ့ ငါပျော်မွေ့ဆဲပါ။
 
တမ်းတ၊ ကြေကွဲမှုတွေနဲ့
မျှော်လင့်ခြင်းရဲ့ ကမ်းပါးစွန်းမှာ . . .
ထားခဲ့တော့ကွယ်
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့။
 
စွဲလမ်းမှုရဲ့
အသည်းနှလုံးနဲ့ဝေးရာ၊
အစဉ်အလာများရဲ့
ချုပ်တီးမှုမဲ့လွတ်ကင်းရာ၊
ကြယ်များမရှိတဲ့
ညများရဲ့ ကျုံးရေပြင်ထက်မှာ၊
ငါ
ငိုပါသည်
ငါ ငို ပါ သည်
ငါ့မျက်ရည်တို့သည်
သမုဒ္ဒရာလေးစင်းထက်ပင် များကုန်၏။
 
အိုကွယ် . . . မိန်းကလေးရဲ့
ကြေကွဲမှုနဲ့ ငါ့ရဲ့ မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။
 
ညို့  ညို့  မှိုင်းမှိုင်း မန်ကျည်းပင်အိုတွေနဲ့
ဘုန်းကြီးဦးဝိသုဒ္ဒ္ဓရဲ့ ရွာဦးကျောင်းထိပ်ဖျား
တောကျီးကန်းများ အော်မြည်နေကြစဉ် . . .
အမေက ငါ့လက်ကိုဆွဲလို့
လယ်ကွင်းထဲမှာ နွားမတွေမြက်စားလို့
ရွာအနီးမှဖြတ်သန်း
မြစ်တစ်ခုရဲ့ ကမ်းပါးပေါ်မှာ
ဟောဟိုခပ်ဝေးဝေး တောညိုတန်းထိ
ငွေဗျိုင်းဖြူတွေ ပျံသန်းနေကြရဲ့။
ကမ္ဘာမြေကြီးရဲ့
လတ္တီကျုမျဉ်းကြောင်းတစ်ခုပေါ်မှာ။
 
နေ၀င်ချိန်တိမ်တောက်
ပျိုကြောက်တဲ့သည်အချိန်
ဆီမီးကွယ် မှန်အိမ်နဲ့
ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
ငယ်ရွယ်စဉ်ကလေးဘဝ
ထန်းတဲကအပြန်
အစ်မရဲ့ သီချင်းသံဟာ
လေထဲမှာ ကျန်ရစ်ခဲ့ပေါ့။
 
ပစ္စုပ္ပန်မှာတော့ . . .
ခံစားချက်တွေ
သုတေသနစာတမ်းတွေ
ရှေ့နေတွေနဲ့၊ ဓမ္ပ္မကထိကတွေ
တ၀ုန်းဝုန်းပြေးဆောင့်လာတဲ့
ဖုန်မှုန့်တွေကြားဝယ်၊
တဖြည်းဖြည်း ဆွေးမြည့်လာသော
ပြက်လုံးတွေနဲ့ရယ်
မရယ်ချင်တဲ့အပြင်
ငါ ရယ်တောင် ရယ်လိုက်ချင်မိရဲ့
ဇာတ်ခုံပေါ်မှာ ငိုချင်းချဆဲ
ဒီလိုနှင့်ပင် “အလွမ်းကိုမခံစားတတ်တဲ့
ရောဂါသည်တစ်ဦး” အဖြစ်နဲ့ နာကျင်စွာ
ပေါက်ကွဲလုလုသံစဉ်များနဲ့
ဖွဲ့ဆိုထားတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
ကျွန်တော် လမ်းလျှောက်နေဆဲပါ။
မိုးကောင်းကင်ရဲ့ ကျယ်ပြန့်မှုအောက်
ကဗျာဆရာတစ်ယောက်ဖြစ်ခွင့်
လွတ်လပ်စွာရှိပါရဲ့လား။
 
အိုကွယ် . . . ညနေခင်းကလေးရဲ့
ကြေကွဲမှုနဲ့လှပချိန်
အိမ်ပြန်ဖို့သတိမေ့နေတဲ့
ဂျစ်ပစီမလေးရေ
မင်းဝတ်ဆင်ထားတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဟာ
ငါဖြစ်ခဲ့ပြီကွယ်။
 
လာကြလေ
မီးပုံးထဲဖြတ်နင်း
တေးသီချင်းအော်ဆိုကြ၊
ဟောဟိုမှာ
ကျူးကျော်စစ်ကို ကျိန်ဆဲရင်းနဲ့
ကလေးရဲ့အမေ
ဓမ္ပ္မသီချင်းကို ရွတ်ဆိုနေရဲ့။
 
လူသားတစ်ယောက်ဖြစ်ကြောင်းအတွက်
သက်သေပြခဲ့
အသည်းနှလုံးနဲ့ ဖွဲ့ဆိုခဲ့
ရိုးသားမှုနဲ့ ဘ၀ကိုဖက်တွယ်ခဲ့
ခမ်းနားတဲ့ အိပ်မက်တွေနဲ့။
 
အပူချိန်ဒီဂရီ တစ်ရာ့ရှစ်
စိတ်ညစ်ပြီး သတ်မသေကြပါနဲ့
မိတ်ဆွေတို့ရေ
အယ်လ်ကိုဟောနဲ့ တွေ့ထိတဲ့အခါ
အီကွေတာကဗျာတွေလို
သွေးကြောကို ဆူပွက်စေလိမ့်မယ်။
ဘာကိုမှမယုံဘဲနဲ့
ပုံခဲ့တဲ့သူတွေအတွက်တော့
အမှန်အမှားဟာ
ကံတရားသာဖြစ်ပစေတော့။
ဂုဏ်သိက္ခာမဲ့
အသက်ရှင်ရတဲ့နေ့များ
ဘုရားသခင်နဲ့ မငြင်းခုံလိုတော့ပါ၊
ရယ်မောခြင်းတစ်ခု
စာအုပ်ပုံကြားမှာ
ကျိုးကြောင်းဆက်သွယ်မှု ယုတ္တိဗေဒတွေနဲ့
ငါ့အတ္တကို ခွဲစိတ်နေကြရာ . . .
 
အမှောင်ထု၏ဟိုမှာဘက်တွင်
နေထွက်ကြောင်း သင်တို့သိပါသည်။
 
တစ်ခုတည်းသော အမှန်တရားအတွက်
သက်သေပြချက်မရှိ
လူ၏ အဇ္ဈတ္တ၌ရှိသောအရာ
ဘာနဲ့မှချေဖျက်မရ
ဘ၀၊ အို . . . နောက်ဆုံးစက္ကန့်ပေါ်မှာ
ခေါင်းမာစွာ ငြင်းဆိုနေဆဲပင်။
 
“နောက်ဆုံး” ဟုအမည်ပေးထားတဲ့
ဟောဟိုသစ်ပင်ရဲ့အရိပ်မှာ
ကဗျာဆရာတွေ ငြင်းခုံးနေကြစဉ်၊
“ဖြတ်သန်းခြင်း” လို့ခေါ်ဆိုကြတဲ့
ဟောဒီမြစ်ရဲ့ အနက်ဆုံးအပိုင်းမှာ
ငါ့မျက်နှာကို ဆေးကြောပစ်ခဲ့ပြီ။
 
နူးညံ့
မွှေးပျံ့ပျံ့ နှင်းဆီဝတ်ဆံတို့နဲ့
သမုဒ္ဒရာတို့ရဲ့ ဟိုဘက်ကမ်းမှ
ဖြတ်သန်းလာသော လေပြည်နုတို့
တွေ့ဆုံတဲ့ခါ
ကြင်နာစွာ ပွေ့ဖက်သောအနမ်းမှ
အလွမ်းညများရဲ့ ဒဏ္ဍာရီတစ်ခု
ကြေကွဲမှုနဲ့ ငါဖွဲ့ဆိုမိပေါ့
မင်းတို့ခံစားနိုင်ဖို့တော့
မလွယ်ဘူးလေ။
 
ဟုတ်ကဲ့
ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ
မာရ်နတ်နဲ့တည်ဆောက်ထားပါသလား။
လူတွေပြောပြောနေတဲ့ အမှန်တရားဆိုတာ
ဘုရားသခင်ရဲ့ သိက္ခာပုဒ်တွေလား။
ဒါပေမယ့် . . . အမေ
ကျွန်တော် ကျိန်ဆိုဝံ့ပါရဲ့
အဲဒီကင်းဘတ်စပေါ်က
ကုဗပုံပန်းချီကားချပ်ဟာ
ကျွန်တော့ပုံတူအစစ်ပါ။
 
သန့်ရှင်းစွာ
ခမ်းနားသိမ်မွေ့စွာ
အိပ်မက်ထဲမှာ အနာရောဂါမရှိ။
ဦးမညွှတ်ပါ
ဒူးမထောက်ပါ
ကဗျာထဲမှာ မာနတရားနဲ့အပြည့်။
လူဖြစ်လာခြင်းအတွက်
ငြင်းချက်ထုတ်ဖို့ တစ်စုံတစ်ရာ
မရှိဘူးဆိုခဲ့ရင်
နှစ်သိန်းလေးသောင်းအထုရှိတဲ့
ဟောဒီမဟာပထ၀ီမြေကြီးဟာ
ငါ့ခန္ဓာကိုယ်ထဲက ဖိတ်စဉ်လွင့်ကျသွားတဲ့
အစိတ်အပိုင်းတစ်ခုသာ ဖြစ်လိမ့်မယ်။
 
အေးစက်တဲ့ အလင်္ကာတွေနဲ့
ဖွဲ့ဆိုထားတဲ့ အကြင်နာများစွာ
ငါ . . . ၀မ်းနည်းစွာ ငြင်းဆိုလိုက်ရပြီ။
 
မွန်းကြပ်လှောင်ပိတ်မှု၏ ငါဖြစ်ဆဲမှာတော့
ငါ့ကိုယ်ငါ ချစ်တတ်မှုနဲ့သာ
သင်တို့ကို ငါချစ်ခဲ့ရပေါ့။
 
ဒီလိုနဲ့ပင် . . . တစ်စတစ်စပွန်းပဲ့
လူ့အဖြစ်ရဲ့စက္ကန့်များစွာမှာ
ငါ့ကိုယ်ငါ ငြင်းဆိုနိုင်ခွင့်မရှိတော့ပါ။
သိုပေမယ့်
ကမ္ဘာကြီးကို ရွဲ့စောင်းစေခြင်းမှာ
ပန်းချီဆရာဝေချစ်ကိုရဲ့
ရှည်လျားကွေ့ကောက်သော
ဆံပင်များကြောင့်သာ ဖြစ်တော့တယ်။
 
အိုကွယ် . . . မိန်းကလေးရဲ့
ဖုံးကွယ်ထားတဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။
တကယ်လို့သာ
မင်းဟာ၊ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ရင်တော့
ပျံတက်ဖို့ရော၊ နားတတ်ဖို့ပါ
နှစ်ခုလုံးဟာ လိုအပ်ခဲ့တယ်။
 
လွဲမှားမှု
စာတမ်းပြုစုသူတွေနဲ့
အကြင်နာတရားရဲ့ နတ်ဆိုးများ၊
အလင်းရောင်ချို့တဲ့
စည်းဝါးမဲ့ နံရံများရဲ့ ဟိုဘက်မှ
သုညဖြစ်တဲ့ ကမ္ဘာမြေမှာ
ငါ၊ ထာဝရကဗျာဆရာသာ ဖြစ်တော့တယ်။
ငါ့ခြေတွေ နှစ်ဖက်လုံးပြတ်နေတောင်မှ
အနုပညာဆိုတဲ့တောင်ဝှေးကို ထောက်ပြီး
ငါ လမ်းဆက်လျှောက်ဦးမယ်။
 
ဟုတ်ကဲ့
ပညာရှိတွေရဲ့ အာရုံကြောများစွာ
လေထဲမှာ တွန့်ခေါက်သွားပါသလား၊
ပီကာဆိုရဲ့ ဂန္တ၀င်အပြာ
ကာလာသီဝရီထဲမှာ သေဆုံးသွားပါသလား။
 
နှံပြည်စုတ်ငှက်ကလေးတို့ရေ
သင်တို့ ဆက်လက်အော်မြည်နိုင်ပါစေ။
 
ကမ္ဘာလုံးခြမ်းရဲ့ ၀င်ရိုးစွန်းတန်းပေါ်မှာ
ငါ့ခန္ဓာ ကြီးလိုက်၊ သေးလိုက်၊ ဝေးသွားလိုက်
ငါ့ဆီပြေးလာကြ
ငါ့ဆီက ပြေးထွက်သွားကြ၊
 
အုံ့မှိုင်းသော တနင်္ဂနွေများတွင်
တပ်ဆင်မရသော နိယာမများစွာ
အနုပညာမရှိတဲ့ ရပ်ပြစ်ရှစ်ပါးထဲမှာ
အရူးတစ်ယောက်လို အော်ဟစ်ရယ်မောပစ်ခဲ့ရာ . . .
 
အကြေကွဲဆုံး အရှုံးသမားဖြစ်ခဲ့ရပေမယ့်
အပြစ်မဲ့ဆုံး နှလုံးသားနဲ့မို့
အရိုးသားဆုံး အပြုံးတစ်ခုကို ပိုင်ဆိုင်ဆဲပါ။
 
အိုကွယ် . . . မိန်းကလေးရဲ့
ဖုံးကွယ်ထားတဲ့ တို့ရဲ့ကြေကွဲမှုတွေကို
ထာဝရခွဲခွာပြီးကာမှ
တို့ . . . ထာဝရလွမ်းကြရအောင်နော်။
 
နေ့မရှိ၊ ညမရှိ
အကြေကွဲဆုံးကာလမှ သန္ဓေတည်ခဲ့တဲ့
ရင်ထဲကအစိုင်အခဲ
ခွဲထုတ်ပစ်လို့မရဘူးလေ။
 
ခန္ဓာကိုယ်ပေါ်မှာ ကောက်ကြောင်းများစွာ ဆွေးမြည့်ကာမှ
ဘ၀ကို ချစ်နိုင်ဦးတော့မလား။
 
ချိုကျိုးနွားနဲ့ ဒွန်းစဏ္ဍားတို့ထက်
ပိုမိုရိုကျိုးသိမ်မွေ့စွာ
ငါးဆယ်ရာခိုင်နှုန်းထိ လျှော့ချခံခဲ့ရရာ
လက်ဖက်ရည်ဆိုင်က အုန်းဆံကြိုးခွေပမာ
ကျွန်တော် အလိုမတူခဲ့ပါ။
 
“မငိုဘူး
ဘယ်တော့မှ မငိုဘူး”
မာနကိုပွေ့ဖက်
မျက်ရည်တွေနဲ့ ငါဖြတ်သန်းခဲ့ပြီ။
တနင်္ဂနွေများစွာနဲ့တည်ဆောက်
ဦးနှောက်၏ ခိုင်မာသောပြယုဂ်တစ်ခု
ရစ်သမ်မဲ့ ဖွဲ့စည်းမှုလက်ဖက်ရည်ခွက်ထဲမှာ
ပွန်းပဲ့ခဲ့သော သမာဓိတရားများစွာ . . .
 
မိတ်ဆွေတွေနဲ့၊ ယင်ကောင်တွေနဲ့
တ၀ီဝီအော်မြည်နေခဲ့ခြင်း မွန်းကြပ်မှုထဲမှာ . . .
 
တစ်စုံတစ်ရာ လွဲမှားမှုမရှိ
တစ်စုံတစ်ရာ နာကျင်မှုမရှိ
ပကတိအဖြစ်
သုညအဖြစ် လွတ်လပ်စွာ
ငါ့ကိုယ်ငါ ပြီးပြည့်စုံခဲ့ပြီ။
 
ချုပ်တီးမှုမဲ့
လွင့်မျောခဲ့သောအတ္တများ
မွေးဖွားကြ၊ သေဆုံးကြ
တရားတော်အတိုင်း ရိုးသားကြ
တရားတော်အတိုင်း ဖောက်ပြန်ကြ။
 
ငါကိုယ်တိုင်ရေးသားခဲ့သော
ငါ့အတ္တ္ထုပ္ပတ္တိကျမ်းမှာ
ငါ မာရ်နတ်တစ်ယောက်အဖြစ်
ငြင်းဆိုနိုင်ခွင့်ရှိရဲ့လား။
 
အသက်ရှင်ခြင်းကိုမြတ်နိုးဆဲ
လွဲမှားမှုနဲ့ အမှန်တရားပေါ်မှာ
ခဏငယ်များစွာ ဖြတ်သန်းနေကြစဉ် . . .
ပြုတ်ကျလာသော အိမ်မြှောင်တစ်ကောင်မှာ
ငါ့မျက်နှာပေါ် တဖြည်းဖြည်း နီးကပ်လာပေါ့။
 
အိုကွယ် . . . မိန်းကလေးရဲ့
နာကျင်မှုနဲ့ ငါ့ရဲ့မျက်ရည်တွေပေါ်မှာ
မကြင်နာသူ တေးဆိုငှက်တွေက
ဒီဇင်ဘာနှင်းရည်စက်တွေနဲ့
ဖျန်းပက်လို့ ကြည်စယ်ကြတော့မယ်။
 
ဟေး . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . .
. . . . . . အသက်ရှူခြင်းကို ရပ်လိုက်ကြ
ရပ်လိုက်ကြ၊ ဟောဒီမဟာပထ၀ီမြေကြီးနဲ့
အလင်းရောင်ရဲ့ အမြန်နှုန်းပေါ်မှာ
သင်တို့ကို ငါချစ်ခဲ့ပါပြီ။
အာရုံငါးပါးရဲ့ ဟိုဘက်မှာရှိတဲ့
ကဗျာဆရာရဲ့ ၀ိညာဉ်နယ်မြေမှာ
သင်တို့ဟာ ငါဖြစ်ခဲ့ပါပြီ။
 
တုန်ယင်လှိုက်လှဲ
လည်ချောင်းကွဲသံနဲ့ သီချင်းဆိုမိပေါ့။
ရွှေအိုရောင်ငှက်ကလေးရေ
မင်းမျက်ရည်တွေရဲ့တန်ဖိုးကို
ပေးဆပ်ဖို့ ငါ့မှာတာဝန်ရှိခဲ့ပြီ။
 
နာကျင်မှုနဲ့
ပိုလို့တောင် တောက်ပြောင်ခဲ့သေးရဲ့
ကမ္ဘာမြေကြီးကို ငါတည်ဆောက်ခဲ့တယ်။
လွဲမှားမှုတွေနဲ့
ပိုလို့တောင် ညီညွတ်ခဲ့သေးရဲ့
အမှန်တရားကို ငါဖန်ဆင်းခဲ့တယ်။
 
မိုးသားတွေ
ဟိုး . . . အနောက်တောင်ဆီက
မိုးသားတိမ်တိုက်တွေ
ရင်ထဲမှာအော်မြည်တမ်းတ
ငါ့လက်နဲ့ ခေါ်ယူမရဘူးကွယ်။
 
ရင်ခုန်သံအားကောင်းဆဲ
သွေးကြောထဲမှာ အဖုအထစ်မရှိ
ချစ်တတ်ခဲ့သည့် ဒ၀ီထိစိဒ များစွာ
ငါ့ခန္ဓာကိုယ်ရဲ့အတွင်းဘက်
အပြင်ဘက်
ထွက်သက်ဝင်သက်တိုင်းမှာ
ငါရှိနေမှု . . .
 
အသံတွေ
လေထုထဲမှာရှိတဲ့၊
အမည်တွေ၊ နာမပညတ်တွေ
အာကာသထဲမှာရှိတဲ့၊
ဆင်ခြင်တွေးတောမှုအင်အားနဲ့
ဝါဒတရားတွေ
ငါ့ရဲ့၊ ဟဒယရုပ်ဝတ္ထုမှာရှိတဲ့၊
အရည်
အငွေ့
အစိုင်အခဲအဖြစ်နဲ့
လွင့်မျောပါစေကွယ်။
 
စကြ၀ဠာထဲမှာ
ငါအဖြစ်
ပရမာဏုမြူအဖြစ်
သီချင်းတစ်ပုဒ်အဖြစ်
“ငါ့ကိုကျောပေးထားသော
အိမ်မြှောင်များအကြောင်း”ဆိုတဲ့
ဒိုင်ယာရီစာအုပ်ငယ်လေးအဖြစ်
လွပ်လပ်စွာ
ပျံသန်းပါစေ
ပျံသန်းကြပါစေ။
အဲဒါ ငါပေါ့
ငါကိုယ်တိုင်ပေါ့ကွယ်
ဟိုအဝေးခပ်လှမ်းလှမ်း
ဖြတ်သန်းသွားသော အလွမ်းတစ်ခု။
သူတို့က
ဘ၀တဲ့လား
 
ငြင်းခုံမနေပါနဲ့
ထားခဲ့တော့လေ။
 
မိုးပွင့်များ တဖွဲဖွဲရွာချ
ညအမှောင်ထုရဲ့
လျှပ်စီးလက်ခြင်း အလင်းတစ်ခုထဲမှာ
ဝါးကြမ်းခင်းအိမ်အိုလေးရဲ့
ပြတင်းဝမှာထိုင်လို့၊
အသံမထွက်တဲ့
ဂစ်တာအိုတစ်လက်ကိုပိုက်လို့၊
မျက်ရည်မထွက်တဲ့
ကြေကွဲမှုတွေနဲ့၊
အကုသိုလ်တရားရဲ့
လောင်မြိုက်မှုတွေနဲ့၊
 
အို . . .
ဒူးမထောက်လိုက်ပါနဲ့
ဘုရားသခင်ထံ ဒူးမထောက်လိုက်ပါနဲ့၊
အိပ်မက်တွေ
အားလုံးဟာ
အိပ်မက်တွေပဲကွယ်။
 
သိပ်သည်းကျယ်ပြန့်သော
မွတ်သိပ်မှုနှင်းထုထဲမှာ
ဝမ်းနည်းစွာ လက်ဆွဲနှုတ်ဆက်ကြ၊
 
မျှော်လင့်နေဆဲပါ၊
နံရံပေါ်မှာ မှတ်စုရေးရင်း
တဖြည်းဖြည်း ငါ အိုမင်းခဲ့ရ၊
 
လှပတဲ့အိပ်မက်တွေမက်တုန်း
ဖြစ်နိုင်ခြင်းရဲ့ နောက်ဆုံးနေ့ထိ
ငါ . . .
ငါ . . .
ငါ . . .
 
ငါလား
နေမင်းပိုင်စိုးပေါ့၊
သင်တို့လား
နေမင်းပိုင်စိုး မဖြစ်နိုင်တဲ့လူတွေပေါ့။ ။
 
နေမင်းပိုင်စိုး(ခ) ပိုင်စိုးဝေ

Credits: http://nweminthit.blogspot.sg/2009/05/blog-post_1785.html 

In: ကဗျာ,ပိုင်စိုးဝေ Posted By: Date: Dec 19, 2012
Comment #1

သေသေချာချာစိုက်ပျိုးထားပြီးဖူးပွင့်လာတဲံ ကဗျာ တစ်ပွင့်မှာ သိသာလွန်းပါတယ်

ခင်မင်စွာဖြင့်

commentinfo By: naykha at Dec 19, 2012
Comment #2

ခံစားချက်အပြည့်ပဲ..ကြိုက်တယ်ဟေ.။

commentinfo By: kyawnainglin174 at Dec 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment