သိပ်သည်းဆ
ဖိနပ်တစ်ရံ ရဲ့ အဖိအဖေါ့…
အော်ပီကျယ်ရဲ့ တစ်ကွက်ကာတွန်းလိုပဲ
ချဲ့ရင် ချဲ့သလောက်
မတွေးမှပဲ ရပ်တော့မယ်၊
အမိုးအကာတစ်ခုအောက်မှာ
ကိုယ်အကြိုက်ဆုံးနေရာကို ဦးထားပြီးမှ
ဘာလို့များ တစ်ခြားကို မျက်စောင်းထိုးချင်နေတာလဲကွယ်…
(ဘ၀ကို ခံယူတတ်ခြင်း မခံယူတတ်ခြင်းအား ယောနီသော မနသီကာရ ဖြင့်သာ တိုင်းတာရာ၏)၊
ငါကတော့
ကြပ်ကြပ်ညှပ်ညှပ် ဖိနပ်တစ်ရံ မစီးချင်လို့
စင်ဒရဲလား ဖြစ်ခွင့်ကိုငြင်းခဲ့ဖူးတယ်၊
ဒီတစ်ခုကလွဲလို့
သူလိုကိုယ်လိုထက် အနည်းငယ်နိမ့်တဲ့ အရပ်မှာ
အသံကျယ်ကျယ် အော်ဖို့တောင်
လူမြင်မခံဝံ့တဲ့ ပုစဉ်းရင်ကွဲကောင်၊
တစ်”နေ”ပြီး တစ်”နေ”
တစ်”လ”ပြီး တစ်”လ”
ပိပိကျလာတဲ့ ကောင်းကင်တွေ
ကုသိုလ် ဥစ္စာ ပညာ ဘာတစ်ခုမှ မရ
ညစ်ညူးခြင်းတွေနဲ့ နောက်ကျိနေတဲ့
မနေ့ကတွေ
ကြာတော့လည်း ကိုယ့် အပြုံးတောင် ကိုယ် မသတီချင်တော့ဘူး၊
ကိုယ်ခိုမိတဲ့ သစ်ပင်ကို
အခက်မချိုးခဲ့ရုံ…
ဗွက်ပေါက်နေတဲ့ လမ်းမထက် ဖြတ်မောင်းသွားတဲ့ ကားတစ်စီး
ရွှံ့စက်တွေ ကိုယ့်အင်္ကျီလာစင်မှ
စိတ်ဆိုးတတ်ခဲ့ရုံ…နဲ့
လူဖြစ်ရကျိုးမနပ်သေးဘူးဆိုတာလည်း သိခဲ့ပါတယ်၊
ဒါပေမဲ့
နံနက်ခင်းမှာ ကော်ဖီလေးတစ်ခွက်သောက်
လူပျက်တစ်ယောက်ရဲ့ ပြက်လုံးမှာ
လက်ခုပ်လက်ဝါး တီးနေခွင့်ရရုံနဲ့
အိပ်ပေါက်ကို ဖာဖို့ မေ့ထားမိတယ်၊
ဖိနပ်တစ်ရံရဲ့ အဖိအဖေါ့…
အော်ပီကျယ်ရဲ့ တစ်ကွက်ကာတွန်းလို
ချဲ့ရင် ချဲ့သလောက် မတွေးမှပဲရပ်လိမ့်မယ်၊
ဒါနဲ့ပဲ …ငါလည်း ဆက်မတွေး ဖြစ်တော့ဘူး…။
Comment #2
.တကယ်ကို goodတဲ့သိပ်သည်းဆပဲဗျာ…
Comment #1
ငါကတော့
ကြပ်ကြပ်ညှပ်ညှပ် ဖိနပ်တစ်ရံ မစီးချင်လို့
စင်ဒရဲလား ဖြစ်ခွင့်ကိုငြင်းခဲ့ဖူးတယ်၊