ဇာတ်မျော..
ဆွဲဆောင်မှု ကင်းမဲ့လှတဲ့ တစ်ဖက်သတ် မျှော်လင့်ခြင်းခပ်ယဲ့ယဲ့ကို
နစ်စိုက် စူးနစ်ဆဲ ဒဏ်ရာ နဲ့
အလဲအကွဲ ခံယူနေဖို့ ကျိန်ဆိုထားရဲ့ မဟုတ်လား..
သက်ပြင်းတွေ အများကြီးနဲ့
သံယောဇဉ်အထားမှားသူရဲ့ရင်ခွင်ဟာ
ကြင်နာခွင့်မရတဲ့ဂီတနဲ့ တစ်သက်စာကျင့်သားရခဲ့တဲ့အထိပေါ့.
တေးသွားသဲ့သဲ့ဆိုညဉ်းမိရင်တောင်
သခင်မခြွေချခဲ့တဲ့ အမုန်းဟာ အရိပ်တစ်ခုလိုလိုက်နေတုန်း..
ကဲ..အဲသည်လောက်ရှုံးနေမှတော့
အဲဒီလူရဲ့ အဆုံးသတ်မှာ မျက်ရည်တွေနဲ့ နိဂုံးချုပ်ပါစေတော့လား..။
ပြီးပါပြီ လို့ကားလိပ်ချမရတဲ့ဇာတ်လမ်းမှာ
ဗီလိန် နေရာတစ်နေရာကို
အသက်လို တောင့်တခဲ့ရတဲ့ လူတစ်ယောက်ဟာ
ငါ ပေါ့ကောင်မလေးရယ်..
အဖြူရောင် မင်းသမီးလေးရဲ့ အပြုံးကို
ဘ၀ လို့တင်စားလိုက်တဲ့ လူသား..
လက်ဖ၀ါးမှာ သစ္စာတရားကို ဆုပ်ကိုင်ရင်း
သေ ပြဖို့ခင်းထားတဲ့ ဇာတ်မျောမှာ
စနစ်တကျ ကြီးကပြလို့
စနစ်တကျကြီး မှားနေခဲ့တာ..
သိပ်ရယ်စရာကောင်းတဲ့ ဟာသမဟုတ်လား…
လက်ဖ၀ါးတစ်ခုကို ကိုးကွယ်လို့ နှလုံးသားကိုယ် ယိုးမယ်ဖွဲ့ကြေးဆို
ကိုယ့်ထက် အပြစ်ကြီးတဲ့သူကို
ကိုယ့်ကိုယ်ကို သာလက်ညှိုးထိုးဝံ့ပါရဲ့..။
မင်း အကြောင်းစဉ်းစားတဲ့ညတိုင်း
သန်းခေါင် အထိ နှင်းကျတာ
ကိုယ့်မှာ ရင်ခွင်တစ်ခုလုံးခဲ လို့…
မင်းကို ဆောင်းလိုကိုးကွယ်
ကိုယ့်ကိုယ်ကိုယ်သာ စောစောအမှောင်ချပစ်ချင်တော့တယ်။
နှလုံးသားက ကျတဲ့ မျက်ရည်နဲ့
ငါ့ တစ်ကိုယ်လုံးစိုစွတ်ခဲ့ပါပေါ့…..။
ရွှေဝါရောင် ကျဆုံးမှုဟာ တုနှိုင်းမရခဲ့..
အရှုံးနဲ့ ကျင့်သားရလူသား
ကံကြမ္မာကို ကျောသပ်ရင်သပ်နဲ့ ကိုယ်တိုင် အသက်ရှုရပ်နေတယ်
ချောင်းကြည့် ပေါက်များ….
လူသား…….
ဇာတ်မျောတစ်ပုဒ်နဲ့ နှလုံးသား တစ်ခု.။
အဖန်တရာ နာကျင်မှုနဲ့
ကံကြမ္မာဟာ သူ့အတွက် မျက်လုံးမှိတ်
အတိတ် ဆိုတဲ့ သူ့သတ်သမားတောင်
နိဂုံး ကို ဖွေရှာဆဲ…..
ဖွေ…ရှာ…ဆဲ…တဲ့.ကွယ်………………….။
Comment #3
အရှုံးနဲ့ ကျင့်သားရလူသား
ကံကြမ္မာကို ကျောသပ်ရင်သပ်နဲ့ ကိုယ်တိုင် အသက်ရှုရပ်နေတယ်
အရမ်းကောင်းတယ်ရှင့် .. ကိုနိုးဆက်နေ့ရဲ့ကဗျာတွေဖတ်ရတာ ဘယ်တော့မှရိုးမသွားဖူး
အမြဲကော်ပီထားမိတယ် .. နောက်လည်း များများရေးနိုင်ပါစေ .. ဇာတ်မျောတစ်ပုဒ်ကို ကပြနေရခြင်းကနေ ကင်းလွတ်ပါစေရှင်
Comment #1
Both title & poem r really interesting.
Hit directly.