စရိုက်များတဲ့ ဘဝစာမျက်နှာ
စရိုက်များတဲ့ ဘဝစာမျက်နှာ
ကိုယ် ရလာတဲ့ မွေးရာပါ စရိုက်တစ်ခုကို
မြေပြင်တနေရာမှာ စိုက်ပျိုး
အရွယ်ရောက်တဲ့ သစ်ပင်မှာ
တလွင့်လွင့် တက်နေတဲ့
အကိုင်းအခက်တွေက
မြင့်လိုက် နိမ့်လိုက်နဲ့ပေါ့…။
သဘာဝကတော့ သဘာဝဆိုပေမဲ့
သစ်ရွက်တွေ အေးခဲ
ဆောင်းလ ရာသီထဲ
လူ့ဘဝ တဆစ်ချိုးကို
ခုတ်မောင်း ခရီးသွားရင်း
ကောလဟလ အညှော်နံ့တွေ ရှုရှိုက်
ကမ္ဘာတခြမ်းရဲ့ ရက်စွဲတွေ ပျက်သုဉ်းသွားလို့
မာယာလူမျိုးတွေ အသည်းထိတ်နေဆဲ…။
လူ့ဘဝက မောပန်းလှပါတယ်..
ကိုယ် ကိုယ်တိုင် လျှောက်လှမ်းလာတဲ့
ပတ်ဝန်းကျင်ထဲ အချိုးကျကျ စိုက်ပျိုးထားတဲ့
လောကဥယျာဉ်ထဲက ပန်းတစ်ပွင့်
ကိုယ်ထည်ကလည်း လှပါ
ဟန်ပန်ကလည်း နုလှ
နေရောင်ခြည် အောက်မှာ
လေယူရာဘက်ကို ယိမ်းနွဲ့လို့
တရွေ့ရွေ့ လှုပ်ရှားနေပါလား…။
ဒါပေမဲ့……
ဖြောင့်တန်းနေတဲ့ မျဉ်းပြိုင်တစ်ခု
အချိုးကျကျ ရေးဆွဲထားပါရဲ့
ကွေ့ကောက်နေတဲ့ ကမ္ဘာတစ်ဖက်မှာ
နေမင်းကို အံတု
ချွေးတလုံးလုံးနဲ့ ခုတ်မောင်းလို့
လောကဓံစက်ရုပ် အဖြစ် သရုပ်ဆောင်နေတုန်း…။
သိပ္ပံခေတ် စက်ခလုတ် နှိပ်တိုင်း
လိုချင်တာ ဖြစ်တယ်…
လူတွေ ရင်းနှီးစရာ မလိုဘူးလို့
ဘယ်သူပြောမလဲ…။
ဖြစ်ချင်တိုင်း မဖြစ်
လိုချင်တိုင်း မရ
အမြင့်ကို ခစားမှ
ကိုယ် လိုချင်တာ ရတဲ့
ခေတ်ဇာတ်ကွက်ထဲ
ဘဝဆိုတာ ကမ္ဘာပျက်သလိုပါပဲ…။
ကိုယ် ထင်ရင် ကုတင် ရွှေနန်း
ကိုယ် မှန်ရင် အတ္တလမ်း
ကိုယ် အမြင် အိုင်ငယ်တွင်းမှာ
ကိုယ့် မာန်မာနကို အိတ်သွန်ဖာမောက်လို့
ကိုယ်ဘဝ ဇာတ်ကောင်ကို
မိုက်ရူးရဲ ဆန်တာတော့ မကောင်းဘူးပေါ့….။
ဘဝဆိုတာ ခေါဇာပစ်လို့
ကိုယ့် အတ္တ ကိုယ့် မာန်မာန
ခဝါချလို့ ရတာမှ မဟုတ်တာ
တဖက်သက်ဆန်တဲ့ ခံစားချက်တွေ
အတ္တတွေ မာန်မာနတွေ
အများမသုံးတဲ့ အမှိုက်ပုံထဲ ပစ်ခဲ့
ကိုယ် နိုင်ရာ ကိုယ် ဝန်ထမ်း
ကိုယ့် သမိုင်းတွေ ကိုယ် စာမျက်နှာပြင်မှာ ရေးဆွဲလို့
မူမှန် လမ်းမှန်သော ကမ္ဘာ့စာမျက်နှာတံခါးလေး
၂၀၁၃ ခုနှစ်ကို ကြိုဆိုရင်း ဖွင့်လှစ်ကြစို့…။
တက္ကသိုလ်မြတ်မင်း
Comment #2
အမယ်…သူကလဲတစ်မျိုးကောင်းပါလား။အဖွဲ၊ အနွဲ့လေးကလည်းကောင်း…
Comment #1
Nice