သံသာငှက်ကလေးသို့ – တာရာမင်းဝေ
ကြိုဆိုလိုက်ပါရဲ့
လာခြင်းကောင်းသော ဝိညာဉ်ရေ …
ကောင်းကင်တော်ဆီကနေ
ဒါမှမဟုတ်
ကောင်းကင်တော်အနီးပါးကနေ
မတွေးတတ်လောက်အောင်
ဆန်းကြယ်တဲ့ ဂီတရိုက်ချက်တွေနဲ့
နှလုံးသားကို အလုံးအရင်းသွန်ချလိုက်တဲ့
မင်းဟာ … ” ငှက် ” မှ ဟုတ်ပါရဲ့လား …
မြင့်မြင့်မားမား
ပိုပြီးတော့ မြင့်မြင့်မားမား
မီးနဲ့လုပ်ထားတဲ့ တိမ်တိုက်တစ်ခုလို
မြေကမ္ဘာကနေ ခုန်လွှားထွက်ခဲ့တယ်
ပြာလဲ့ နက်ရှိုင်းရာဆီကိုပျံသန်းသွားခဲ့
သီချင်းတွေဆိုရင်း၊ ပျံရင်း
ပြီးတော့ ပျံသန်းရင်းလည်း သီချင်းတွေဆို …
ကျွံနစ်လက်စ နေလုံးကြီးရဲ့
ရွှေအလင်းတန်းတွေထဲမှာ
အထက်မိုးတိမ်တွေ တောက်စားလင်းပ
ကိုယ်လုံး၊ ကိုယ်ထည်မရှိတဲ့ ပျော်ရွှင်မှုကြီးက
ပြေးပွဲတစ်ခုကို ဖွင့်လှစ်လိုက်တဲ့ပမာ
မင်းဟာ … လေဟုန်စီးလိုက် … ပျံထွက်လိုက်နဲ့ …
ခရမ်းပျော့ ညနေရီ
မင်းရဲ့ အပြန်လမ်းတစ်လျှောက်မှာ အိုင်ဖွဲ့ယိုစီး
နေ့အလင်းထဲက ကောင်းကင်ကြယ်တစ်ပွင့်ဆန်ဆန်
မင်းကို မမြင်ရဘူး … ဒါပေမယ့်
မင်းရဲ့ စူးစူးရှရှပျော်မွေ့မှုကို
ငါတို့ ကြားရပါရဲ့ …
လင်းရှတဲ့ အရုဏ်ထဲမှာ
ငါတို့မမြင်ရတော့တဲ့အထိ ပါးလှပ်သွား
အရှိန်ပြင်းတဲ့ မီးအိမ်နယ်ကျဉ်းကလေးမှာ
မြားတံ အစင်းစင်းလို ချွန်မြထက်ရှ
မင်းရဲ့ ဂီတဟာ အဲဒီမှာရှိနေတယ် … ငါတို့သိတယ် …
ညက ပွင့်ကွဲထွက်နေချိန်
လမင်းဟာ … အထီးကျန်တိမ်တိုက်တစ်ခုဆီကနေ
ကောင်းကင်ကြီးလျှံကျအောင်
ရောင်ချည်တွေ ရွာချသလို
ဝသုန်လေထု တစ်ခွင်၊ တစ်ပြင်မှာ
မင်းရဲ့ အသံပျံ့လွင့်နေတယ် …
“မင်း” ဘာလဲဆိုတာ ငါတို့မသိဘူး ….. ။ ။
မင်းဘာလဲဆိုတာ ငါတို့မသိဘူး ။
မင်းနဲ့ တူတဲ့အရာကိုလည်း ငါတို့မသိဘူး ။
မင်းဆီက ဂီတတွေ ရွာချသလိုမျိုးတော့
တိမ်သက်တန့်တွေဆီကတောင်
မိုးပေါက်လင်းလင်းတွေဆင်းမလာဘူး ၊ မမြင်ဘူး ။
ကိုယ်တိုင်တောင် မျှော်လင့်မထားတဲ့ ‘မျှော်လင့်ခြင်း’ နဲ့
‘အကြောက်အရွံ့’ တွေ လောကမှာ ဖြစ်ထွန်းလာတဲ့အထိ
အလိုလိုရလာတဲ့သီချင်းတွေကို အော်ဆိုရင်း
တွေးလက်စ အလင်းတိုက်နောက်မှာ ‘ကွယ်’ နေတဲ့
ကဗျာသမားလိုမျိုး …။
ချစ်ခြင်းတရားလို ချိုတဲ့ ဂီတနဲ့ဘဲ
ဘယ်သူမှမသိအောင်
ကိုယ့်စိတ်ကို တစ်ခန်းလုံး ဖြည့်ဖြည့်နေရတဲ့
နန်းတော်ရင်ခွင်က မိန်းမတစ်ယောက်လိုမျိုး ။
ကိုယ့်ကို ကာဆီးထားတဲ့ ပန်းမြက်တွေအကြားမှာမှ
ကိုယ့်ရဲ့ မမြင်ရတဲ့ အရောင်အသွေးကို ဖြန့်လွှတ်နေသူ
နှင်းတဝေေ၀ ချောင်ကုပ် ကလေးထဲက ပိုးစုန်းကြူးလိုမျိုး ။
ကိုယ်ပိုင်အစိမ်းရွက်တွေကြားမှာ အိမ်ဖွဲ့နေရင်းက
လေပူတွေရဲ့ဖျက်ဆီးမှုကိုခံလိုက်ရတဲ့ ၊ နောက်တော့လည်း
အဲဒီ အတောင်ပံတပ်ထားတဲ့ သူခိုးတွေကို
သူ့ရနံ့နဲ့ဘဲ မူးမိုက်သွားစေတဲ့ နှင်းဆီတစ်ပွင့်လိုမျိုး ။
လင်းလိုက်မှောင်လိုက် မြက်ခင်းပေါ်က
မိုးစက်ပွင့်တို့ရဲ့…အသံ
အဲဒီအသံကြောင့် အိပ်ယာက နိုးလာတဲ့ ပန်းပွင့်များ ၊
ပျော်ရွှင်၊ ကြည်လင်၊ လန်းဆန်းခဲ့ရ
ရှိရှိသမျှအရာအားလုံးကို ဂီတနဲ့ မင်း ကျော်လွန်ခဲ့ပြီ ။
ငါတို့ကို သင်ကြားလှည့်ပါဦး … ၀ိညာဉ်ကလေး
သို့မဟုတ် … ငှက်ကလေးရေ
ဘယ်လိုလှပတဲ့ စိတ်ကူးတွေများလဲ…
အဲဒီလို နတ်ဒေ၀တာမြောက်တဲ့ဝိုင်အရက်
သို့မဟုတ် … မေတ္တာကျူးဆစ်သံကို
ငါ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး ။
အောင်ပွဲတေး ၊ လက်ထက်ပွဲတော်က တေးတွေဟာလည်း
…………………………………..
………………………………….. ။
အောင်ပွဲတေး ၊ လက်ထက်ပွဲတော်က တေးတွေဟာလည်း
မင်းရဲ့တေးသွားနဲ့ပြိုင်ရင် …
အားလုံးဟာ … ကြွားလုံးဟောက်ပက်ဖြစ်သွားကြလိမ့်မယ် …
မြုပ်ကွက်ဟာကွက်တွေနဲ့ပေါ့ ။
ဘယ်လို လယ်ကွက်တွေလဲ ၊ ဘယ်လို တုန်နှုန်းတွေလဲ …
ဘယ်လိုတောင်ထွဋ်တွေလဲ ၊ ဘယ်လို ဒြပ်သားတွေလဲ
ဘယ်လိုမျိုး … မျိုးချစ်တရားလဲ …
ဘယ်လိုမျိုး … ဒုက္ခရဲ့လွတ်မြောက်ရာလဲ …
မင်းရဲ့ အပျော်စီးကြောင်းတွေ စိမ့်ကျရာ …
မင်းရဲ့ ကြည်လင်ရှတတဲ့ ပျော်ရွှင်မှုမှာ …
အယိုင်အလျော့မရှိနိုင်ဘူး ။ အညှိုးအမှောင်မတည်နိုင်ဘူး ။
မင်းဟာ … ချစ်တတ်တယ် …
ဒါပေမဲ့ … အချစ်ရဲ့ ကြေကွဲမှုကို မသိရဘူး ။
ငါတို့ရဲ့ သေဆုံးလေ့ရှိတဲ့ အိပ်မက်တွေထက်
ပိုပြီး ဖြောင့်မှန် နက်နဲတဲ့တရားတွေကို မင်းဟာ …
အိပ်နေစဉ်မှာဘဲဖြစ်ဖြစ် ၊ နိုးနေစဉ်မှာဘဲ ဖြစ်ဖြစ် …
တမလွန်လူကြီးမင်းဆီက မှတ်သားနာယူခဲ့တယ် …
ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းရဲ့သီချင်းတွေဟာ
လင်းသန့်တဲ့အလျင်နဲ့ ဘယ်စီး နှင်နိုင်ပါ့မလဲ …။
ငါတို့ဟာ … ရှေ့ကို ၊ ပြီးတော့ နောက်ကိုပါကြည့်တယ်
ပြီးတော့ … မရနိုင်တာကို တမ်းတတယ်
ငါတို့ရဲ့ အရိုးရှင်းဆုံးရယ်သံဟာ
သောကဆိုတဲ့အရာကို ၀န်ဆောင်လာတယ်
ငါတို့ရဲ့ အချိုမြဆုံးတေးတွေဟာ
လွမ်းတတ်တဲ့ အတွေးတွေကို ပြောပြတဲ့တေး တွေပေါ့
ဒါပေမယ့် … ငါတို့ကသာမျက်ရည်မကျတတ်ရင်
အမုန်း ၊ မာနနဲ့ ကြောက်ရွံ့မှုတွေကို
မထီလေးစား လုပ်တတ်ရင်
မင်းရဲ့ အပျော်အရွှင်တွေဆီကိုလည်း လာတတ်မှာမဟုတ်ဘူး ။
အတိုင်းအဆရှိကြတဲ့ မြူးတူးဖွယ် အသံတွေထက်
စာအုပ်ထဲမှာဖတ်ရတဲ့ အဖိုးထိုက်ခြင်းတွေထက်
မင်းကဗျာရဲ့ အစွမ်း အစက သာလွန်ပါပေတယ်
ကမ္ဘာမြေကို သရော်နိုင်သူ လေးရယ် …။
မင်းသိတဲ့ စိတ္တသုခတွေ
ငါ့ကို တ၀က်ပဲသင်ပေးပါ
ငါ့နှုတ်ခမ်းဆီက ရူးသွပ်ညီညာစွာစီးကျ
ကမ္ဘာမြေက နားထောင်ကြမှာပေါ့
အခု … ငါမင်းကို နားထောင်နေသလိုလေ …။
တာရာမင်းဝေ
Comment #3
ကိုယ်တိုင်တောင် မျှော်လင့်မထားတဲ့ ‘မျှော်လင့်ခြင်း’ နဲ့
‘အကြောက်အရွံ့’ တွေ လောကမှာ ဖြစ်ထွန်းလာတဲ့အထိ
အလိုလိုရလာတဲ့သီချင်းတွေကို အော်ဆိုရင်း
တွေးလက်စ အလင်းတိုက်နောက်မှာ ‘ကွယ်’ နေတဲ့
ကဗျာသမားလိုမျိုး …။
Comment #4
ဆရာ့ကဗျာတွေ စာတွေက ထွန်းလင်းနေဦးမှာပါ နိုးဆက်
နောက်လည်း တင်နိုင်ပါစေ
Comment #5
အသည်းကွဲတယ်ဆိုတာ သီချင်းကလေးတွေ တိုးတိုးညည်းရင်းက ရရှိလာတဲ့သွေးမဲ့ဒဏ်ရာဒဏ်ချက်ပါ၊
Comment #1
ဤကဗျာသည် ဆရာတာရာမင်းဝေ၏ ဘာသာပြန်ကဗျာတစ်ပုဒ်ဖြစ်ပြီး မူလကဗျာမှာ Percy Bysshe Shelley ၏ To A Skylark ဟုသိရပါသည်..။
ဤကဗျာတွင် ဆရာတာရာမင်းဝေ၏ ဘာသာပြန်ကောင်းမွန်ပုံနှင့် လှပအောင်ဖွဲ့ဆိုနိုင်ပုံတို့ကို လေးစား မြတ်နိုးမိသောကြောင့် တကူးတက စာရိုက်၍ တင်လိုက်ပါသည်..။
ဆရာတာရာမင်းဝေ နာမည်ပေးမထားသော ဤကဗျာအား မူရင်းကဗျာမှ To A Skylark ကို တိုက်ရိုက်ဘာသာပြန်၍ သံသာငှက်ကလေးသို့ ဟုကျွန်တော် ခေါင်းစဉ်တပ်လိုက်ရပါသည်..။ ထိုခေါင်းစဉ်နှင့် ပါတ်သတ်၍ စိတ်အနှောက်အယှက် တစ်ခုခုဖြစ်ခဲ့ပါက ဆရာတာရာမင်းဝေကြောင့်မဟုတ်ဘဲ ကျွန်တော်၏ အပြစ်သက်သက် သာဖြစ်ကြောင်း တောင်းပန်အပ်ပါသည်..။ နားလည်ခွင့်လွှတ်ကြရန်လည်း မျှော်လင့်ပါသည်။
လေးစားရသော ဆရာတာရာမင်းဝေ ၏စာပေယဉ်ကျေးမှုတစ်ခေတ် အဓွန့်ရှည်ပါစေ..။
အားလုံးကို လေးစားလျက်
နိုးဆက် နေ့