သင်းကွဲ တေးမြုံငှက် တစ်ကောင်၏ နောက်ဆုံးဖြောင့်ချက်များ – နိုးဆက် နေ့
(ကျွန်တော် ကြားခဲ့ရသော သူငယ်ချင်းနှစ်ယောက် ပြောနေကြသည့် “ကဗျာဆိုတာ ကာရန်နဲ့ဘဲဖြစ်သင့်တယ်…မော်ဒန်ကဗျာတွေကို ကဗျာလို့ကို ခံစားလို့မရဘူး” ဆိုသောစကား “စိတ်ထဲရှိတိုင်းရေးတိုင်း ကောင်းတာမဟုတ်ဘူး” ဆိုတဲ့စကား… တစ်စုံတစ်ယောက်၏ “မင်းပုံစံနဲ့ ကဗျာရေးတယ်” ဟူသော မဆီမဆိုင် တိုက်ခိုက်ခံရသည့် စကား သင်္ချာဆရာမနှင့် ပြဿနာတက်ပြီး “သချာင်္မတွက်ဘဲ ကဗျာစပ်နေလို့ကတော့ ခွေးဖြစ်မှာဘဲ” ဟူသည့်စကားများကို စိတ်ထိခိုက်စွာ ကြားနာခဲ့ရသောကြောင့် ကျွန်တော် နာကျင်စွာရေးဖွဲ့ခဲ့သော …. တစ်ခုဖြစ်ပါသည်..။) (အားလုံးလိုလိုက လက်မခံကြသည့်အတွက် ကျွန်တော် ရှက်ရွံ့စွာ ကဗျာဟုတပ်ရမည့်နေရာတွင် ကွက်လပ်ကလေးထားခဲ့ပါသည်..)
အလျော်နဲ့အစား နစ်ခုဘဲရှိတဲ့လောကကြီးဆီ
ကျွန်တော့ကို ကျွန်တော်ထိုးအပ်လိုက်တယ်
ဒီတစ်ညဘဲ
ကျွန်တော် ခြေပစ်လက်ပစ်အိပ်ပါရစေ..လို့။။
ကျွန်တော်ဟာ ခေတ်ရဲ့ မျက်လုံးတွေကို ရှောင်ပုန်းရင်း
စကားလုံးတွေ ကိုရွံ့ကြောက် နာကျင်ရင်း
သင်းကွဲလာတဲ့ ငှက်တစ်ကောင်ပါ..
ကျွန်တော့နာမည် Phoenix ပေါ့
ပြာက ဖြစ်လာတဲ့ ငှက်မို့ ပြာပြန်ဖြစ်ဖို့သာ တောင့်တ
ဒီည ကျွန်တော် သေဆုံးမယ်..။
ရင်ခုန်သံတွေကိုတောင်
အမှောင်မှာ ခေါစာပစ်ဘူးခဲ့တော့
ဒီသီချင်း တကျော့ကိုတော့
အထစ်အငေါ့မရှိဘဲဆိုနိုင်မယ် ကျွန်တော်ထင်တယ်
လောကကြီးရယ်…ကျွန်တော့ကျောကိုသပ်ပေးပါ..
ဒီတစ်ည ရင်ကွဲနာ ကျခံဖို့ သီချင်းတစ်ပုဒ်ကို ကျွန်တော်ယူလာတယ်..။
ရင်ခွင်မှာ
ဒဏ်ရာက လွဲလို့မရှိတာလဲကြာခဲ့ပြီ..
အိပ်မက်တွေကလည်း
လေမသင်းတဲ့ ရိုးပြတ်တလင်းလို….
နေ့နေ့ ညည
အသက်တစ်ခါတိုအောင်
သက်ပြင်းတွေသာဖြိုဖြိုချ မိခဲ့..။
ဘယ်တုန်းကမှ မမွှေးချင်ခဲ့တဲ့ပန်းဟာ
ကျွန်တော်ပါ..။
ပွင့်လိုက်ရုံ….
တိတ်ဆိတ်နေတဲ့ မနက်ခင်းမှာ….
လက်ချင်းတွဲထားမဲ့ ချစ်သူတွေရဲ့စိတ်မှာ….
နိုးထလာတော့မဲ့ ကောင်းချီးတရားတွေရဲ့ သြဘာသံအောက်မှာ..
နာကျင်လျက် တစ်ချက်ချက်စီးချက်ကျနေတဲ့
တစ်စုံတစ်ယောက်နှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာ…
ကိုယ့်ကိုယ်ပိုင်ခွန်အားနဲ့ ပွင့်ပစ်လိုက်ဖို့ဘဲ လိုအပ်ခဲ့တယ်
ဒီထက် ဘာမှမပိုခဲ့ပါဘူး..။
စိတ်ကူးထဲက တစ်ကမ္ဘာနဲ့
လက်တွေ့ဖြစ်ရပ်တစ်ခု ထောင့်မတ်မကျခဲ့
စုတ်ချက်လွန်တဲ့ ကံကြမ္မာ ကိုယ်တိုင်ပိတ်မျဉ်းဟာ
ကဗျာငတ် စာငတ် လူတစ်ယောက်အတွက်
ထောင့်အချိုး ကျဉ်းလွန်းတယ်..
ပြေးလမ်းက မဖြောင့်သလို တာထွက်လည်းမကောင်း
ဒီလမ်းကြောင်းမှာဘဲ ကျွန်တော်ရှုံးနိမ့်ခဲ့တာ အခါခါ..။
အဲဒီလို အချိန်တိုင်း..
ကြီးကျယ်လှတဲ့ ခမ်းနားထယ်ဝါမှုတွေမှာ…
ပင်လယ်ရေတွေထဲ နစ်မြုပ်သွားတဲ့ လူတွေရဲ့ ဆဌမအာရုံမှာ….
ပျော်ရွှင်ခြင်းတွေ နာကျင်ခြင်းတွေ စိမ့်ထွက်ကျရာ..
ရင်ခွင်ဆိုတဲ့ နယ်ပယ် အခန်းကျဉ်းတစ်ခုထဲမှာ……..
လောကလို့ ခပ်ပေါ့ပေါ့ နာမည်တပ်ခံထားရတဲ့
ရှုပ်ထွေးထွေး ပိတ်ဖြူစပေါ်မှာ….
ဘယ်မှာမှရှာဖွေလို့မရအောင်
ကျွန်တော့ အနုပညာဟာ ပျောက်ဆုံးနေခဲ့ပြီ..။
ကျကွဲသွားတဲ့ ရယ်မောသံတွေအတွက်
ကျွန်တော် အက်ကွဲစွာ ငိုကြွေးပစ်သင့်တယ်မဟုတ်လား။
ကျွန်တော် ငိုကြွေးဖူးပါပြီ…
ပတ်ကြားအက်ရင်ဘတ်မှာ
နွေသက်ပြီး ကန္တာထွန်းတဲ့ အထိ..
ကျွန်တော်တိတ်တိတ် ငိုကြွေးခဲ့ဘူးပါပြီ..
ပိုးမွေးသလိုမွေးခဲ့တဲ့ လက်ဖ၀ါးတွေကတော့ မျက်ရည်သုတ်တဲ့ကိရိယာ..ဖြစ်လာတယ်..။
ကဗျာရေးဖို့ ဘ၀ကို လစ်လျူရှုခဲ့တဲ့သူကို
ဘ၀က.. ကဗျာပေးဖို့ လစ်လျူ ရှုလိုက်တဲ့ အခိုက်အတန့်တွေအတွက်..
ဒုတိယဘုရားသခင်လို့ထင်တဲ့ အနုပညာကို လူ့ပါးစပ် တွေနဲ့ တန်ခိုးပြိုင်ရင်း..
ကိုယ်ဘဲ ပိုင်ခဲ့တဲ့ နာကျင်ခြင်း များအတွက်..
ကိုယ့်ကို ရည်ရွယ်တိုက်ခတ်လာတဲ့ စကားလုံးမုန်တိုင်းများ…အတွက်
အဖေ အမေရဲ့ ငြိုငြင်မှုအတွက်…
ချစ်သူရဲ့ ဥပေက္ခာ အတွက်….
အောက်ဆုံးက မတက်တဲ့ ကျောင်းစာမေးပွဲရမှတ်တွေအတွက်…
“ငါတို့ကတော့ မော်ဒန်ကဗျာကိုလက်မခံနိုင်ဘူးဆိုတဲ့”
တစ်ဖက်သက် ၀ါဒများထံ လည်စင်းခံခဲ့ရတဲ့ ကျွန်တော့ကဗျာတွေအတွက်
ဒီတစ်ညမှာ..
နှစ်သိမ့်ယုံသက်သက်နဲ့ ကျွန်တော့ကျောကိုသပ်ပေးပါ..။
အပြစ်ကင်းကင်း ကလေးဘ၀ကိုလည်း
ဘာကိရိယာနဲ့မှ ပြန်မျှားမယူတော့ဘူး..။
ဖြူစင်ခြင်းလက်ကျန်ရှိသလောက်နဲ့သာ
အခုဘ၀ကို သီချင်းတစ်ပုဒ်နဲ့ ကျေနပ်ပစ်မယ်..
ရင်ခွင်ပျောက် ၁၈ နှစ်သားကို
ခင်ဗျား ကြင်နာစွာထွေးပွေ့ပါလို့ လှိုက်လှဲစွာတောင်းဆိုပါရဲ့..။
စာမျက်နှာ များလွန်းတဲ့ကိုယ့်ဘ၀မှာ
မင်နီတွေလည်းများတယ်……
တိတ်ဆိတ်လွန်းတဲ့ ဘ၀မှာ
ကျကွဲသံတွေသာ ကျွန်တော့ရဲ့ ဂီတ
အိမ်ထဲက ဆွဲထုတ်မခံရဘူးတဲ့ ဓါးလို
ကျွန်တော်လေ..
အခု..နေရောင်ကိုသာ မြင်ဘူးနေလိုတော့တယ်…။
ပီကေ စားကြတဲ့ ခေတ်မှာ ၀ါးပြီးရင်ထွေးထုတ်ကြ..
ခဏတာ အရသာ ခံရသူနဲ့ တစ်ဘ၀စာ ရှုံးခန်းတိုင်ရသူ
နှလုံးသားချင်းတော့ ဘယ်လိုမှ့ မတူနိုင်ဘူး..။
ရှာမရ ဖွေမရ..စကားစုတွေအတွက်
ကျွန်တော် နာကျင်ခဲ့မှုမှာ
တစ်ခါတစ်ခါ
အနုပညာဟာ
မျက်နှာကြီးဆာလှပါလားလို့
ကျွန်တော်သံသယဖြစ်တယ်..။
ကျားရဲပေါတဲ့ အရပ်မှာမှ
ပုစဉ်းတစ်ကောင်ရင်ကွဲနာကျသလို
ခင်ဗျား ကျွန်တော့ကို မြင်ဘူးတယ်မဟုတ်လား…
အဲဒါဟာ ထာဝရဖြစ်စဉ်တစ်ခုပေါ့..
အရောင်ငတ်တဲ့ မိုးတိမ်ဟာ
ကောင်းကင်ပြာဆီကိုရောက်ဖို့တော့
နှစ်ချို့အောင်ကြာခဲ့တယ်..။
ဆောင်းကိုရောက်မလာခဲ့ဘူး…
ခေါင်ရမ်းပန်းတွေကဘဲ
စိတ်ထဲမှာ နီရဲနေအောင် တစ်ပင်လုံးပွင့်တယ်
ကျွန်တော်လေ….။
ကောင်လေးတစ်ယောက်ဟာ ကြောက်ခွင့်ရှိတယ်မဟုတ်လား
ကျွန်တော်ကြောက်ပါရစေ…
ကျွန်တော့ကို ခိုးယူသွားတဲ့ အနုပညာတစ်ခုကိုရော..
ကျွန်တော့ကို ပြန်တွေ့ခဲ့တဲ့ ခေါင်ရမ်းပန်း နီရဲရဲတွေကိုရော..
ကျွန်တော့ချစ်သူနဲ့ သူ့ချစ်သူတို့ရဲ့ အတူတူလင်းမဲ့မနက်ခင်းကိုရော
ရင်တစ်ခုလုံးကို ဆွဲလှုပ်ခါချတတ်တဲ့
သိမ်းထားဘူးတဲ့ ကဗျာဆရာများစွာရဲ့ ကဗျာတွေကိုရော
ကျွန်တော်ကြောက်ပါရစေ..။
သိပ်ပြီး မပင်ပန်းဘူးဆိုရင်
လေ့ကျင့်ထားတဲ့ မျက်နှာဖုံးတွေအောက်က အပြုံးမျိုးနဲ့ဖြစ်ဖြစ်
လူတွေဆီက ခင်ဗျားတတ်မြောက်လိုက်တဲ့
ကောက်ကြောင်းမဲ့ ကျင့်သားရမှုမျိုးတွေနဲ့ဘဲဖြစ်ဖြစ်..
မျက်ရည်တွေကို လက်နက်ချစေလောက်တဲ့ ရယ်မောခြင်းတစ်ခုခုနဲ့ဖြစ်ဖြစ်
ကျွန်တော့ကို နှစ်သိမ့်ပါ..။
ချောင်းကြည့်ပေါက်တွေ သိပ်များပေမဲ့လည်း
အလင်းရောင်က ရှားလွန်း…
ပိန်းပိတ်အမှောင်…
အဲဒီနောက်က ပကတိအမှောင်…
အဲဒီနောက်မှာ…
ကျွန်တော့ ကဗျာတွေ..
ကြွေမလိုနဲ့ ကြွေ..
ကြွေမလိုနဲ့ကြွေ…..။
ဟိုးမှာတွေ့လား…
ခေါင်းရမ်းပန်းတို့
ကျွန်တော့ကိုရည်စူးလို့ ပွင့်ကြပြီ။။။
မီးအိမ်.. သစ်ခက်…ကျောက်စက်တို့
ခြေကို စက်စုံရပ်
မျက်လုံးမှိတ်လိုက်ကြပါတော့…
ဟောဟိုက နိုင်ငံအို..ကျွန်တော့ကို ကြိုနေပြီ။။
အရှုံးဆိုလား…တိုင်းပြည်
ကျွန်တော့ကို ကြိုလင့်နေကြပြီ..။
မီးအိမ် လက်မဆွဲဘဲ
မိတ်ဆွေတို့ရဲ့ မြို့ကို ကျွန်တော် ၀င်တော့မယ်..။
ဒဏ်ရာနဲ့ ရင်းခဲ့တဲ့ ဂီတကို
တစ်ဘ၀စာထုတ်ပိုးလို့ သိမ်းဆည်းခဲ့
အဲဒီ သွေးညှီရောင်လင်းတဲ့ ရင်ခွင်မှာ..
ကိုယ်ပိုင်ဂီတရှိတယ်ဆို ခင်ဗျားယုံနိုင်မလား…
ခင်ဗျား ယုံလိုက်ပါ..
ကျွန်တော့မှာ တစ်ဘ၀လုံးနဲ့ရင်းတဲ့ သီချင်းတစ်ပုဒ်ရှိဖူးတယ်..
ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို တစ်ခါဘဲဆိုပြနိုင်လိမ့်မယ်..။
ကျွန်တော် သေဆုံးသွားတဲ့အခါ
ဒီကဗျာနဲ့အတူဘဲ
အားလုံးပြီးဆုံးသွားရမှာပါ..။
အဲဒီ အခါ..
လျော့တိလျော့ရဲ သက်ပြင်းတွေနဲ့
ပန်းတွေကို သာယာတဲ့ ကျွန်တော့ကိုယ်ပေါ်
ခေါင်ရမ်းတို့ ယိမ်းမြနေပါစေ…။
ဖြူဝင်း နူးညံ့တဲ့ ဆောင်းရနံ့တို့နဲ့
ကျွန်တော့ကို သုတ်လူး
ကျွန်တော်နစ်ရမဲ့ မြစ်ကောကြီးရဲ့ ကမ်းနှဖူးမှာ
ကျွန်တော့ကိုထားခဲ့ပါ…
သင်းကွဲလာတဲ့ ငှက်ရဲ့ နောက်ဆုံး ဖြောင့်ချက်အတွက်
ကျွန်တော့ကို နွေးထွေးစွာ ပွေ့ဖက်ပေးပါ..
နှစ်သိမ့်ဖို့ဖက်တဲ့ လက်မှာ
မျက်ရည်စက်တွေ ကပ်မပါကြေးလို့တော့
ခင်ဗျားနဲ့ ကျွန်တော်
ကတိက၀တ် ပြုလိုက်ကြမယ်..။
ကျွန်တော်ဟာ Phoenix တစ်ကောင်ပေါ့။
ကျွန်တော့ကို နားလည်ရင်ဖြစ်စေ…
ကျွန်တော့ကို စာနာမိရင်ဖြစ်စေ
ကျွန်တော့ကို မြတ်နိုးတတ်ရင်ဖြစ်စေ..
သူ့မှာ ကိုယ်ပိုင်ဂီတ ရှိခဲ့ပါလားလို့
ခင်ဗျား ကျွန်တော့အတွက် တစ်ချက်ကလေး ၀မ်းသာပေးရင်ဖြစ်စေ
ကျွန်တော် ရင်ကွဲခံ သီဆို ရကျိုးနပ်ပြီလေ…။
နိုးဆက် နေ့
၎.၁.၂၀၁၃
လွတ်လပ်ရေးနေ့ (စိတ်တွေ လွတ်လပ်ရေးမရခဲ့သော နေ့)
Comment #3
အရမ်းကောင်းပါတယ်အစ်ကို
ကဗျာဖတ်ပြီးတော့ရင်ထဲအထိပါစိမ့်ဝင်ခံစားသွားရပါတယ်…အစ်ကို
ကျွန်တော်တို့ တွေအတွက်ကတော့ ကဗျာ ဆိုတာဘ၀ပါပဲ
ဘ၀ဆိုတာကဗျာပါပဲ…
Comment #4
သူငယ်ချင်း… ငါ poemscorner ကိုစရောက်ရောက်ချင်း နင့်ကဗျာကို အားလျော်စွာတွေ့လိုက်ရတယ်။။
စိတ်မကောင်းတောင် ဖြစ်သွားတယ်ဟာ တကယ်.. ဒါပေမဲ့
နင့်ကဗျာလေးကို စိတ်မကောင်းစွာတွေများစွာနဲ့ဘဲ ငါကြိုက်သွားပါတယ်.။
အပေါ်က ကွန်မန့်တွေအားလုံးကိုဖတ်ပြီး နင့်အစားကြည်နူးသွားတယ် တက်ခေတ် ….
Comment #7
ဟုတ်ပါတယ်ဗျာ..ကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး…
Comment #8
အဲဒီလောက်လေး ပြေားပေးသွားတာကို ကျေးဇူးတင်ပါရဲ့ဗျာ..
Comment #11
အရမ်းကောင်းတယ် ကဗျာဆရာ
ကိုယ့်ကဗျာကို ကဗျာလို့မတပ်ရဲဘူးဆိုလို့ကဗျာဆရာလို့ သေချာခေါ်လိုက်တာပါ.။
ကဗျာဆရာရေ.. အားပေးနေတယ်
Comment #13
ကာရံမပါလို့ ပြောကြတာတွေကကျန်ခဲ့ပါပြီဗျာ…..ကျွန်တော်ကိုအရင်တုန်းကကဗျာဆရာတစ်ယောက်ကပြောဖူးတယ်ဗျ(အခုတော့မရေးဖြစ်တော့ပါ သူ့ ကလောင်ကိုလည်းမပြောပြလို့ မဖော်ပြတော့ပါ)ကဗျာဆရာဘယ်အချိန်မှာဖြစ်ပြီလို့ ထင်လဲတဲ့ကျွန်တော်မသိဘူးလို့ ပြောတော့ အေးတဲ့ မင်းလို သေးတယ်တဲ့  ကဗျာဆရာဆိုတာဘယ်သူမှသတ်မှတ်တာမဟုတ်ဘူးတဲ့ ဒီနေ့ ငါကဗျာဆရာဖြစ်ပြီကွာဆိုရင်ဖြစ်သွားရောတဲ့ဗျာ…..အဲ့တော့ဗျာယုံကြည်ချက်သာထားပါ။အားပေးပါတယ်။
Comment #14
ကျေးဇူးပါ ကိုလပန်းဧည့်….. ယုံကြည်ချက်ထားရဲစေမဲ့ ကွန်မန့်လေးပါ
Comment #15
အားပေးနေတယ်ဗျာ။ လျောက်ထား
Comment #17
ကျေးဇူးတင်ပါတယ် ကို အောင်မော်ဟိန်းနဲ့ ကို ဝေဟင်.။ လှိုက်လှဲစွာပြောတာပါ.။
လေးစားလျက်
နိုးဆက် နေ့
Comment #1
comment မှာဘာရေးလို့ ရေးခဲ့ရမှန်းမသိအောင်ကို ကဗျာကဖတ်လို့ကောင်းတယ်ဗျ မြှောက်ပင့်ပြောခြင်းမဟုတ်ပါ ဒီကဗျာလေး တကယ်ကိုဖတ်လို့ကောင်းပါကြောင်း ~~
With respect,
RAY