လက်သည်းခွံလေးတွေကို ဆေးမဆိုးသေးဘူးမဟုတ်လား ခက်ဝင့်တာရာ – နိုးဆက် နေ့
ကြယ်တွေ ဖိတ်ဖိတ်တောက်လက်တဲ့ည တစ်ခုကို
ခံစားဖို့မေ့လျော့သည့်တိုင်
မင်းရဲ့ ခွန်အားတို့ အားပျော့ခဲ့ပြီလား ညီမလေး…ရေ
ပြတင်းတံခါးကိုဖွင့်လို့
မင်းအတွက်သာ နေတဲ့လကို တိုးတိုးလေး နုတ်ဆက်လိုက်ပါ..
ဒီတစ်ညအတွက်
လမင်းရဲ့ ရောင်ခြည်တော်သန့်သန့်ကို
မင်းရင်ခွင်ဆီ ငါစေလွှတ်လိုက်ပါပေရဲ့…။
ဝေးလွန်းတဲ့ အရပ်ဒေသက ကြယ်တစ်လုံးကို
စိတ်နဲ့ထုဆစ်ပုံဖော်ခဲ့တဲ့ ခွန်အားမျိုးနဲ့
အိပ်မက်ဆိုးတွေကို နိုးထနိုင်ပါစေကွယ်…
ကိုယ်မရှိတော့တဲ့ အနာဂါတ်မှာ
ကဗျာလက်နဲ့မင်း ကိုယ့်ကိုပြန်ဖန်ဆင်းပေးနိုင်တာဘဲလေ
ထိတွေ့ခွင့်မရတော့မဲ့ လက်နှစ်စုံကို
ပုံဖော် ထိစပ်ပြီး ကျေနပ်လိုက်ကြတာပေါ့..နော်.။
စွယ်တော်ရွက်တွေသဖွယ်..
လူငယ် ချစ်သူတို့ဘ၀ကိုစုံကန်..
ရင်ခုန်သံချင်းကိုနားလည်နေရုံနဲ့
ရှင်သန်ခဲ့ကြသူတွေ မဟုတ်လား…
မင်းရဲ့ နှလုံးခုန်သံတိုင်းမှာ
ငါ ကပ်ငြိ…တည်ရှိ နေပါတယ်…ညီမလေးရယ်…
မိဘရဲ့ ဥပေက္ခာ..တရား..
လူတန်းစားများရဲ့ အလိုဆန္ဒတွေအတွက်..
ခေါင်းဆက်ငုံ့နေရရင်တောင်
ငါ့အတွက် ရည်ရွယ်လို့တော့ မငိုပါနဲ့ကွယ်..
ခေါင်းကို ဆက်ငုံ့ထားပြီး..
နှစ်ယောက်တည်းသိတဲ့ ကမ္ဘာငယ်လေးမှာမှသာ
ဦးမော့လို့ တေးတကျော့လောက်ဆိုပါ..
မင်းရဲ့ ဆံနွယ် ဆံခက်တွေထက်က တိမ်များဟာ
အဲဒီ ကျက်သရေအတွက် လက်ခုတ်တီးကြဦးမှာပါ…
လေပြည်ညင်းကလည်း
မင်းသီချင်းကို ကိုက်ချီ သယ်ဆောင်သွားဦးမှာပါ…
ဘာကြောင့်မှ မငိုပါနဲ့ ညီမလေး…
တစ်ယောက်ရဲ့မျက်ရည်ဟာ
နှလုံးသားနှစ်ခုကို သတ်ဖြတ်မဲ့ ဓါးချက်တစ်ချက်မို့
ကိုယ် တား ပါ ရ စေ…
မျက်ရည်စက်များဟာ သူငယ်ချင်းကောင်းမဟုတ်ပါဘူး…။
လူ…ဆိုတာ
မရိုက်ရင် ပိုနာတယ်..
မဆူရင်ထိခိုက်တယ် တဲ့
မင်းစကားလေးကို ငါမေ့မရနိုင်သေးဘူး ညီမလေး..
တကယ်ဆို
မင်းနှလုံးသားထက်က အသားမာတွေဟာ
လောကဒံ ကြာပွတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေမဟုတ်လား…
ကဗျာတွေပေါ်သွန်ချ အံကျရတဲ့ ခံစားချက်တွေဟာ
လူတွေရဲ့ ပီးလွယ်စီးလွယ် ပါးစပ်တွေကနေ
ဆူငေါက်..ကြိမ်းမောင်းဖို့အတွက် ထွက်ကျလာတဲ့
အဖိုးတန် ဒသနတွေမဟုတ်လား….
ရိုက်ရင်…မနာကြေး…
ဆူရင်…… မထိခိုက်ကြေး..လေ ညီမလေး…ရေ။
တစ်စုံတစ်ယောက်ရဲ့ခံစားချက်ကို
မျက်နှာမှာ ဖတ်ကြည့်လို့ရရင်ကောင်းမယ်လို့
မင်း တွေးကြည့်ဖူးတယ် ထင်တယ်..
မင်းမမြင်ရတော့ပေမဲ့
ငါအခု ကြည်လင်စွာပြုံးနေတယ် ညီမလေး….
မင်းမသိတော့ပေမဲ့
မင်းလက်ကလေးကို ငါထွေးဆုပ်ထားတယ်..
အဲဒီတော့ကွယ်..
ငါ့ရဲ့ ခံစားချက်တိုင်းမှာတော့
မင်းသာ တန်ဖိုးအကြီးဆုံး နတ်မိမယ်ကလေးဆိုတာ
နားလည်ပါ..။
ဟောဒီကမ္ဘာကြီးပေါ်မှာ
ငါမရှိတော့ပေမဲ့..မင်းဆက်လက်ဖြူစင်နေရစ်ပါ ညီမလေး
ငါမရှိတော့ပေမဲ့..မင်းကဗျာတွေ ဆက်ရေးနေရစ်ပါညီမလေး
ငါမရှိတော့ပေမဲ့..မင်းဆံပင်တွေညှပ်မပစ်ပါနဲ့ ညီမလေး
ငါမရှိတော့ပေမဲ့..မင်းလက်သည်းတွေ ဆေးဆိုးမပစ်ပါနဲ့ ညီမလေး.ရေ…။
ပန်းတွေနဲ့ သီကုံးလို့ ယက်လုပ်..
ခလုတ် ကန်သင်းတွေကို မောင်းဖြုတ်ပြီး
လက်တစ်ဆုပ်စာ မျှော်လင့်ခြင်းမျိုးနဲ့
အတူတူရင်ဆိုင် အသက်ရှင်…
လက်သည်းခွံ ပန်းနုရောင်ကလေးတွေရဲ့ သခင်ရေ….
သင့်ရဲ့ကိုယ်ပွားဝိဥာဉ်ကလေးဟာ
သံယောဇဉ်တံတိုင်းထက်မှာ ထာဝရမပျက်မဲ့စာကိုထွင်းလိုက်ပါရဲ့
မင်းကို…ကိုယ်ချစ်တယ်.. ခက်ဝင့်တာရာ….။
ကဲ…
အိပ်လိုက်ပါတော့ကွယ်…
အားလုံးကို မေ့လျော့..လို့
အနာဂါတ်တစ်ခုကိုသာ ကိုယ့်လက်တွေထက် သက်စေလို့….
အရင်လို ပြန်မရနိုင်တော့တဲ့
ငါ့ပခုံးတစ်ဖက်ပေါ်က နေ့ညများကို
ရွှေငါးကလေးတစ်ကောင်လို အလှကြည့်ဖို့သာ ရည်စူးလို့..
သုံးရက်စာလောက်
မျက်ရည်တွေနင့်နေခဲ့တဲ့ ခေါင်းအုံးလေးထက်မှာ
ဘယ်တော့မှ မငိုဘူးဆိုတဲ့ မာနနဲ့
ခေါင်းချ အိပ်စက်လိုက်ပါတော့ကွယ်….
မနက်ဖြန်မနက်မှာ
မင်းအနမ်းတို့ သက်ရာ ကမ္ဘာငယ်လေးဆီ
နေရောင်ခြည် အဖြစ်နဲ့ ကိုယ်ပြန်လာပါ့မယ်…
ကိုယ်အဖြစ်နဲ့လည်း
နေရောင်ခြည် ပြန်လာပါလိမ့်မယ်……
ကလေးရယ်….။။။။
နိုးဆက် နေ့
Comment #2
ur poem is so so long!!!
Comment #3
လက်သည်းခွံဆေးဆိုးတာမကြိုက်တဲ့ကိုယ့်အတွက်တော့ လက်သည်းအဖြူလေးတွေကို နှစ်သက်တဲ့ချစ်သူတစ်ယောက်ရခဲ့ဖူးတယ် ကိုနိုးဆက်နေ့ရဲ့ . . (ခေါင်းစဉ်ကလောလောဆယ်ခံစားချက်နှင့်အလွန်တိုက်ဆိုင်ပါကြောင်း) !!
Comment #4
Nice poem adds with kindness & love.
Whenever I read,,I feel better & also release tension.
Now my life is meaningless.
:'(
Comment #1
:'(
:'(
:'(
:'(
:'(