သံလွင်ခက် လွှတ်ချလိုက်တဲ့ ငှက် – နိုးဆက် နေ့
တကယ်တော့
သံလွင်ခက်ကို ငါ ကျေကျေနပ်နပ်ကြီးပစ်ချလိုက်တာပါ
သံလွင်ငြိမ်းခက် ရယ်…။
လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက
မျက်ကန်းတစ်ယောက် ဖွင့်ခဲ့တဲ့ခက်ဆစ်မှာ
အချစ်ဟာ ရှင်သန်ခြင်းရဲ့ သယံဇာတ
ကြည်နူးခြင်းတိမ်တိုက်တို့ရဲ့ အပြင်းထန်ဆုံးရိုက်ခတ်မှု
အနူးညံ့ဆုံး လောကတရား…။
အမှားခြစ်ဖို့ ဆုတောင်းလွဲခဲ့သူအတွက်တော့
မေတ္တာတရား ဆိုတာ
လွယ်လွယ်ကူကူ ပုတ်ချလို့ရတဲ့ ပုစ္ဆာ..
လျစ်လျူရှုဖို့ဖြစ်လာတဲ့ ခံစားချက်အလွဲများ…။
ငါ..နင့်ကို နားလည်ခဲ့ပါတယ်..မိသံလွင်….။
အဲဒီလောက်တောင်မှ
မနာတတ်ခဲ့တဲ့ရင်ပါ..
အခုတော့…. စုတ်ပြတ်သတ်ပေးရတဲ့ ဓါးစံခံ..အဖြစ်
မင်းစိုက်သွားတဲ့ အောင်နိုင်ခြင်းအလံ ခြေရင်းမှာ
မျှော်လင့်ခြင်း ကင်းမဲ့သွားပါပြီ..။
ပေါက်ခွင်းသွားတဲ့ အကြည့်စူးစူး
ရူးသွပ်ခြင်းတွေဘ၀နဲ့ ကာရန်မဲ့ကဗျာတွေရွာကျလာ…
ငါ့ရင်ခွင် စုတ်ပြတ်အသွားမှာ
မင်းစကားတွေဟာ ပန်းမဟုတ်ပါလားလို့ သိလာတယ်..
တစ်ခုလောက် ဖြေခဲ့ပါ မိသံလွင်
မင်း ငါ့ရင်ကို ဘာတွေနဲ့ ပစ်ပေါက်ခဲ့တာလဲ…။
မင်းကိုလွမ်းတိုင်း…
ငါ့ဘ၀တစ်ခုလုံးစာကို
အတိတ် ရထားထဲ ထိုးထည့်…
အဲလိုနဲ့
ပစ္စုပ္ပန်ပျောက် လူငယ်တစ်ယောက်ရဲ့
ခြောက်ခြားခြင်းတွေ တင်ဆောင်လာတဲ့လော်ကယ်
ပြသဒါးနေ့ကနေ အကြိမ်ကြိမ် စတင်ထွက်ခွါခဲ့ပါတယ်
အနာဂါတ်ဆိုတဲ့ တံတားကိုလည်း
လမ်းလွှဲမှ မောင်းခဲ့ပါတယ်..။
စာမှန်ဖူးတဲ့ ခဲတစ်လုံးဟာ
စာအတွက် အားနာတတ် လိမ့်မလား…
ခဲမှန်ဖူးတဲ့စာကတော့
အဲဒီဒဏ်ရာရှင်ကိုဘဲ အောက်မေ့ အမှတ်ရ နေတော့တယ်..။
သံလွင်ခက်ကို ကျေကျေနပ်နပ်ကြီး ပစ်ချခဲ့တဲ့ ငါပါ
နင်ကိုယ်တိုင်က ငြိမ်းချမ်းခွင့်မပေးမှတော့
ငါဘာလို့ အဲဒီဆုလဘ်ကို တပ်မက်နေမလဲ မိသံလွင်..
နင်သာကျေနပ်မယ်ဆို
တစ်ခုတည်းသော ဒဏ်ရာက နာကျင်မှုကို
တယုတရ ပြုစု..လို့
အချိန်တိုင်း နာကျင်ပါရစေ.ဟာ..။
ငါ့ကိုယ်ငါ ပြန်ကျိန်စာတိုက်ရဲပါတယ်..။
သေရာပါတော့မဲ့ အဲဒီအမာရွတ်ဟာ
ငါ့ကိုယ်ငါ လက်တည့်စမ်းခဲ့တာမဟုတ်ဘူး..ဆိုတာ
မင်းယုံပါ..။
အဲဒါဟာ
သံယောဇဉ်ကို ထက်အောင်သွေးသွားတဲ့ သစ်ပင်တစ်ပင်ရဲ့
အမြစ်ကုပ်တွယ်မှု….
စုပ်ယူသွားမှုများသာ ဖြစ်ပါတယ်…။
ငါဆိုတဲ့ လူမိုက်ဟာ
သစ်ပင်တစ်ပင်ကို ရှင်အောင်စိုက်သွားဖူးပါတယ်…။
ပန်းတစ်ပွင့်ဟာလည်း
အဲဒီလူကို မျက်ကွယ်ပြုပြီး ပွင့်ခဲ့တယ်….။
ပန်းကလေးရေ….
မင်းဆက်လက် ရှင်သန်ပါစေကွယ်…။။
ငါ..ဘယ်တုန်းကမှ
ကျသွားတဲ့ မျက်ရည် ကို
ပြန်ဆယ်ဖို့မကြိုးစားခဲ့ပါဘူး…
လုံဝ အရူးတစ်ယောက်လိုဖြစ်အောင် အားထုတ်ပြီးမှ
ပါးပေါ်က မျက်ရည်စကို ပြန်သုတ်လိုက်ပါ့မယ်..။
( S O L I T A R Y ရောဂါသည် ဖြစ်သွားမဲ့
လူသားယောင်္ကျားလေးတစ်ယောက်ရယ်….
E M O T I O N L E S S နက္ခတ်နဲ့
လူသား မိန်းကလေးတစ်ယောက်ရယ်…
ငယ်စဉ်ကတည်းက ကျောင်းတူတူသွားခဲ့ကြတယ်…ဆိုတာ
သိပ်ရိုးရှင်းတဲ့ ပုံပြင်တစ်ပုဒ်အနေနဲ့သာ
သူငယ်ချင်းတွေကို ပြန်ပြောပြလိုက်ပါ…။
၁၀နှစ်တာအတွင်းက
လူငယ်ကလေးရဲ့ နာကျင်ခြင်းတွေကိုတော့
ငါ့နာမည်နဲ့အတူတူ ထာဝရအမှောင်ချလိုက်ပါ..
အဲဒီအခါ..
သူတို့ပါ ငါ့ကိုရယ်မောတတ်ပါလိမ့်မယ်..။ )
တစ်ခုဘဲ ပြောဖို့ကျန်တယ်
ငါ့နှုတ်ခမ်းတွေကြားမှာ
သံလွင်ခက်ကလေးမပါတော့တာ…။
အဲဒါ နင့်အတွက်ရတဲ့ နောက်ဆုံးဒဏ်ရာပါ…မိသံလွင်..။
နိုးဆက် နေ့
Comment #2
သံလွင်
လွမ်းချင်းတွေကိုအမြဲအားပေးနေပါတယ်နော်အကို
Comment #3
သံလွင်မပါမပြီးတဲ့ ကဗျာဆရာတစ်ယောက်ကတော့
ထပ်လို့ သံလွင်အကြောင်းပါလာပန်ပီနော်
ကဗျာတွေကောင်းတယ်
Comment #4
ငါဆိုတဲ့ လူမိုက်ဟာ
သစ်ပင်တစ်ပင်ကို ရှင်အောင်စိုက်သွားဖူးပါတယ်…။
ပန်းတစ်ပွင့်ဟာလည်း
အဲဒီလူကို မျက်ကွယ်ပြုပြီး ပွင့်ခဲ့တယ်….။
ရင်ကိုတည့်တည့်ထိတဲ့အက္ခရာပွင့်လေးတွေ . . .
Comment #5
ထုတ်မပြတော့ပါဘူး တပုဒ်လုံး ကြိုက်နေလို့ … ဘာမှလည်း မဝေဖန်တော့ပါဘူး ရင်ဘတ်နဲ့ နီးလို့။
Comment #6
အရေးအသားလေးတွေ တော်တော်ကောင်းတယ်နော်။ အားပေးနေပါတယ်ရှင်
Comment #7
နောက်ဆုံးဒဏ်ရာက မငြိမ်းချမ်းတော့ခြင်းလား. အဲဒါဆိုရင်တော့ ဒုက္ခဘဲနော်
Comment #8
ကဗျာမှာ ကွန်မန့်တွေပေးပြီး အားဆေးတိုက်ကြတာ အားလုံးကို ကျေးဇူးပါ.. ခင်ဗျာ…..
မမေပျို…..ကိုလမင်းဇော်……အစ်ကိုချီရွန်….မရင်ဝှက်ပန်း…….ကို John……ကိုlinthein…. အားလုံး ကျေးဇူးပါ..
Comment #9
တစ်ခုဘဲ ပြောဖို့ကျန်တယ်
ငါ့နှုတ်ခမ်းတွေကြားမှာ
သံလွင်ခက်ကလေးမပါတော့တာ
အဲဒါ နင့်အတွက်ရတဲ့ နောက်ဆုံးဒဏ်ရာပါ…မိသံလွင်..။
လုံးဝလန်းတယ် သေလို့ရတယ် စကားလုံးတွေက
ဖတ်သွားတယ်ဗျာ ~~
With respect,
RAY
Comment #1
“စာမှန်ဖူးတဲ့ ခဲတစ်လုံးဟာ
စာအတွက် အားနာတတ် လိမ့်မလား…
ခဲမှန်ဖူးတဲ့စာကတော့
အဲဒီဒဏ်ရာရှင်ကိုဘဲ အောက်မေ့ အမှတ်ရ နေတော့တယ်..။”
လေးစားလောက်တယ်ဗျာ။