အေးစက်မာကျောနေတဲ့ လေးထောင့်ပုံ ပန်းအိုးတစ်လုံးရဲ့ အတွေးဟာ ဘယ်တော့မှ ပန်းတစ်ပွင့်မဖြစ်နိုင်ဘူး ။ ။
လူ့နယ်ပယ်မှာ
ပျော်စရာတစ်စက်လောက်ပွင့်ဖို့
ဒီလောက်ခက်ခဲလိမ့်မယ်လို့
ရှင်ရော ကျွန်မပါ မထင်ခဲ့မိဘူး မဟုတ်လား?
လွယ်လွယ်ကူကူရှင်သန်နိုင်ဖို့
သစ်ပင်ဟာ သူ့အရိပ်သူ ပြန်မျိုခဲ့တာ မြင်ဖူးလား ?
တကယ်တမ်းတော့ အချစ်ဆိုတာကို
အဓိပ္ပာယ်မဲ့ လူတွေအများကြီးရှာဖွေနေတာကိုက
စ မှားတော့တာပဲ ။
ရက်ရက်စက်စက် ရှင်ရောကျွန်မပါ
အနီးကပ်အသည်း ကွဲနေရတယ် ။
ကျွန်မသူ့ကိုအရမ်းချစ်တယ် . .
တပြိုင်နက်တည်းမှာပဲ သိပ်နာကျည်းတယ် ။
စကားလုံးတစ်လုံး စာတစ်ကြောင်း ရဖို့
တစ်ယောက်ပြီးတစ်ယောက်ကို သူခူးတယ် ။
တစ်ပွင့်ပြီးတစ်ပွင့်လည်း ပါလာတယ် ။
စကြာဝဠာကြီး ကျယ်ပြောသလောက်
သူခူးခဲ့တဲ့ပန်းပွင့်လက်ဆောင်တွေ
ထားစရာနေရာမရှိလောက်အောင်
များပြားလာတာက
သူ့အဖြစ်ကို ပိုခမ်းနားစေခဲ့တာလား ?
ဟင့်အင်း . . . ကျွန်မ မယုံကြည်နိုင်သေးဘူး ။
ရှင့်ဆီအောင်မြင်မှုအစစ်အမှန်ရောက်ရှိနေတယ်လို့
(အတုအယောင်ကျော် ကြားမှု) ။
ကျွန်မက ကိုယ့်တွင်းကိုယ် နက်သထက်နက်အောင်တူးပြီး
သူ့ပုံရိပ်ကို ကောင်းမွန်သထက်ကောင်းမွန်စေချင်ခဲ့ တာဟာ
. . ကိုယ့်နောက်ကျောကို ကိုယ်တိုင်ဓားနဲ့ထိုးလိုက်တာပါပဲ ။
မိန်းမတစ်ယောက်ရဲ့ဘဝမှာ သူတို့ရဲ့အချစ်ဦးက
အချစ်ဆုံးဖြစ်နိုင်ပေမယ့် . .
ယောက်ျားတစ်ယောက်အတွက်ကတော့
သူတို့ရဲ့နောက်ဆုံးအချစ်ကသာလျှင် အချစ်ဆုံးဖြစ်ပါသတဲ့ . . ။
အာဒမ်မှာတကယ်တော့ နံရိုးတွေအများကြီးရှိနေခဲ့တာကို
ကျွန်မ မေ့လျော့နေခဲ့တယ် ။
ကျွန်မတို့နှစ်ယောက်စလုံးက ကိုယ့်ကိုယ်ကိုအရူးတွေလို့
ကျေကျေနပ်နပ်ကင်ပွန်းတပ်ခဲ့တယ် ။
ကိုယ်ဟာအခုထိ ခံစားမှုဝါဒီသမားပဲ ။
ဘယ်လို ကိုယ်ချင်းစာတရားမျိုးမှ
သူ့နှုတ်ခမ်းမှာ အားနာပါးနာ မခိုကပ်နိုင်တာကိုပဲ
ကျွန်မ အားပါးတရလက်ခုပ်တီးခဲ့တယ် ။
သူ ကျွန်မကို ကြယ်တွေစုံတဲ့ည သီချင်းဆိုပြတုန်းက
ကြယ်တစ်လုံးတစ်လေတောင် ကောင်းကင်မှာ ရှိမနေခဲ့ဘူး ။
အဲဒီကတည်းက သိခဲ့ဖို့ကောင်းတယ် ။
မီးဆိုတာ ကြောက်စရာကောင်းမှန်းသိရက်နဲ့
ပိုးဖလံတွေ ဘာကြောင့်ဝင်တိုးတယ်ဆိုတဲ့အကြောင်းကို သုတေသနလုပ်ဖို့ စဉ်းစားမိတယ် ။
နောက်ဘဝရဲ့တစ်ဝက်တိတိ သူကျွန်မကိုရက်ရက်ရောရောပေးထားတယ် ဆိုကတည်းကပေါ့ ။
ဒါပေမယ့် ဒီမီးကိုပေါ့ပေါ့ပါးပါးလှုံရဲဖို့ ကျွန်မဟာ ပိုးဖလံတစ်ကောင်ဖြစ်ရဲဖို့တော့လိုမယ် ။
ဘဝဆိုတာ လွမ်းစရာအရမ်းကောင်းမှန်းအရင်က မသိခဲ့ဘူးအချစ်ရယ် ။
ကိုယ်ဟာ ပျံသန်းဖို့ကြိုးစားရင်း
နားလည်မှုတွေကျိုးကျနေရတယ် ။
ခုတော့ သူ့ပုံသေနည်းတွေကို ချိုးဖျက်ပစ်ဖို့
ရနံ့တွေအားလုံးဖွင့်ထုတ် မိပြီ ။
လက်ကလေးကိုင် ပခုံးလေးဖက်ရုံ
အားငယ်ချိန်မှာ မှေးမှီစရာပခုံးတစ်ဖက် ရှိနေရုံနဲ့ ချစ်သူဘဝကို လုံလောက်ပြီလို့
ကိုယ်ယုံကြည်ထားတယ်/ဆဲ ။
အချစ်မှာ ခေါင်းဝင်ကိုယ်ဆန့်ဖြစ်ဖို့
ဘယ်ပန်းပွင့်လေးတွေက ရှင့်ရဲ့စိတ်တွေကို ညစ်နွမ်းရမ္မက်
ထန်စေခဲ့သလဲ ?
ဒီကဗျာထဲမှာ အမေးပုစ္ဆာအများကြီးထည့်ထားတယ် ။ ရှင်နဲ့ကျွန်မ?
နှေးတယ် ၊ မြန်တယ် ဆိုတာထက်
ဘယ်လောက်သွားခဲ့ပြီးပြီလဲဆိုတာက ရှင့်အောင်မြင်မှုတွေပဲ ။
ကျော်ကြားမှုကြောင့် ဘဝပျက်မယ့် လူတွေစာရင်းမှာ
ရှင့်နာမည်ကို မဖတ်ချင်ဘူး ။
မပိုင်ဆိုင်ရရင်တောင် ရှင့်ကို အေးချမ်းနေစေချင်တာက
ကျွန်မရဲ့နောက်ဆုံးသစ္စာတရားပဲ ။
ရှင့်ကိုမြတ်မြတ်နိုးနိုးတန်ဖိုးထား လိုချင်သူတစ်ယောက်
တကယ်ရှိနေမယ်ဆိုရင်
ကျွန်မရဲ့လိမ်စာကို ရိုက်ထည့်ပေး
လိုက်ပါ ။
အချစ်ဆိုတာ တကယ်ချစ်ရင်
အပေးရောအယူပါ မရှိဘူးဆိုတာ ရှင့်ကိုသက်သေပြမယ် ။
ဘဝက ရှင်ထင်သလောက် မလွယ်ကူသလို
ကျုပ်ထင်ထားတာထက်လဲ ပိုပေါ့ပါးတယ် ။
ကဗျာထဲမှာ အချစ်ကိုရှင့်လောက် ပုံကြီးချဲ့မပြတက်ပေမယ့်
ကျွန်မကလည်း အခုထိ ခံစားမှုဝါဒီသမားပဲ ။
ဒီကဗျာဟာ ရှင့်အတွက်
ရှင်အမှတ်တရပေးခဲ့တဲ့ နာမည်ကို နောက်ဆုံး
အသုံးပြုယက်လုပ်ခြင်းပဲ ။
ရှင့်ကိုပေးခဲ့တဲ့လက်ဆောင်တွေထဲမှာ
ချစ်ခြင်းမေတ္တာတရားကို အခုထိမကွပ်မျက်သေးခဲ့မိတာက
( ……….) ။
ကျွန်မရဲ့အားပေးဖော်ရေ
အခုတော့ ရှင် ကျွန်မကို သိပ်စိတ်ပျက်နေပြီပေါ့ ။
ကျွန်မအချစ်ကြောင့် နာကျင်ရင် ထပ်တူခံစားပေးပြီး
ကျွန်မအောင်မြင်ရင် ကိုယ့်အောင်မြင်မှုလို သဘောထားပေးခဲ့တဲ့
ကျွန်မကိုအမြဲတမ်းယုံကြည်မှုတွေပေးပြီး
တိတ်တဆိတ်နာကျင်နေတက်တဲ့ ရှင့်ကို
ကျွန်မဘဝရဲ့အမွန်မြတ်ဆုံးလက်ဆောင်တစ်ခုအဖြစ်
အမြဲသိမ်းဆည်းထားပါ့မယ် ။
သန့်စင်မွန်မြတ်တဲ့ မေတ္တာတရားဟာ
ဘယ်လောက်အေးမြတယ်ဆိုတာကို သင်ပြပေးခဲ့လို့
ကျေးဇူးတင်ပါတယ် ။
အချစ်ဆိုတဲ့ အရာကနေ
ကျွန်မရရှိခဲ့တဲ့ ဒဏ်ရာတွေကို
အောင်မြင်မှုအဖြစ်ပြောင်းလဲပြီး
ရှင့်ကိုလက်ဆောင်ပေးပါ့မယ် ။
အခုတော့ ကျွန်မ သွားမယ် ။
အဲဒီသစ်ပင်အရိပ်နဲ့လွတ်တဲ့နေ့အထိ ကျွန်မရောက်အောင်ပျံသန်းသွားမယ် ။ ။