နှင်းကြွေတဲ့ ဆောင်း
နှင်းကြွေတဲ့ ဆောင်း (ပြိုင်ပွဲဝင် ကဗျာ)
အာမေဋိတ် အသံတွေသာ ထင်ကျန်နေပါရဲ့…
အတိုင်းအတာ အကာအဆီးမရှိတဲ့
သဘာဝ ကမ္ဘာမြေကြီးရဲ့ ကိုယ်ငွေ့များက
မီးခိုငွေ့တွေလို ထကြွ
နေမကောင်းတဲ့ ရာသီဥတုထဲ
ဆောင်းနှင်းတွေလည်း ခဲနေပြီလေ…။
နေ့နေ့ ညည ပြောင်းလွဲခြင်းများက
အတွေးရဲ့ ချို့တဲ့ ရသတွေကို မွေးဖွား
တစ်ခါတရံ ခေါက်ရိုးကျိုးနေတဲ့
ဘဝရဲ့ ကာရံမဲ့ ကဗျာတွေ ညှပ်သုံးရင်း
တကယ့် ကာရံတွေ ပျောက်တော့မှ
ရှေးဟောင်း ပြတိုက်ထဲ ထည့်လိုက်မိတဲ့
သမိုင်းတစ်ခုက သုတေသနတွေဖြစ်
ဘယ်သူမှ မသိလိုက်တဲ့
လမိုက်ညထဲ မှေးစက် အိပ်နေရင်း
အချိုး ကျကျ အနုပညာတွေ ခံစားမိပါရဲ့…။
ဒါပေမဲ့….
တိုင်းတာမှု ပေတံ ရှိပါလျက်
ဘောင်မရှိတဲ့ အမှောင်ညတွေမှာ
အလင်းရောင်က ပျောက်
အတွေးအိမ်က ခပ်ချောက်ချောက်နဲ့
အရသာ မရှိတဲ့ ဆောင်းကိုမှ
အရိုးခိုက်အောင် နာကျင်မိတယ်…။
တဖက်က တုန်ရီမောဟိုက်
တဖက်က မူမမှန် သံစဉ်တွေက
ဘဝထဲမှာ ကုထုံး မရှိပေမဲ့
ဗိန္ဓောဆရာနဲ့ အသက်သွင်းဖို့
မှတ်တိုင်တစ်ခု တည်လိုက်တော့
ဂြိုဟ်ခွင်တစ်ခု လစ်ဟာသွားသလားဆိုတာ
တွေးနေသူလောက်တော့…
ဘယ်လိုလုပ် တွတ်ချေ ကိုက်မလဲလေ…။
အပေါ်ယံ ခပ်ပါးပါး လေသံ ခပ်ထွားထွားနဲ့
လေးနက်မှုမရှိတဲ့ ခံယူချက်
သကြားနဲ့ ပတ်လို့တော့ အဆင်ပြေပေမဲ့
ဆားနဲ့ ပတ်လို့တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး..
အဲဒီတော့… ကိုယ်ပိုင် အတွေး
ကိုယ်ပိုင် အသိဥာဏ်ကို ဦးစားပေးလို့
အဝေးကို ထွက်ခွာခဲ့တာ
အခုတော့လည်း မောရ ကောင်းမှန်းလည်း မသိခဲ့ဘူးလေ…။
အတွေးသစ်တို့ မဟောင်းနွမ်းတဲ့
နှင်းစက်ကြွေတဲ့ ဆောင်းကာလ
မမေ့ရက်နိုင်တဲ့ ဖြစ်စဉ်တစ်ခု
အချိုသကာ သကြား ပျားရည်လောင်းသော
သံစဉ်တေးသွားများ အက္ခရာအဖြစ်
သမိုင်း ရေးစီးကြောင်း အသစ်ပေါ် ရေးခြစ်ရင်း
သစ်ရွက်တွေ ကြွေကျ မြေခ ကြရတဲ့ သဘာဝထဲ
မိုးစိုလည်း မချမ်း နှင်းပြိုလည်း မဆန်းတော့ဘူးလေ…။
တကယ်တမ်း…
ဖြေသိမ့်လို့ မဆန်းတော့ဘူးဆိုပေမဲ့…
ခါးသက်သက် ဖြတ်သန်းလာတဲ့ နေ့ရက်ဆိုတာ
ဘဝစက်ဝိုင်းအတွင်း နှင်းစက်များက ကကြိုးဆင်လျက်
ယိုစီး စိုစွတ်နေတဲ့ မြေပြင်ထက်
တရွေ့ရွေ့ ရှင်သန်ခြင်းတွေ မွေးဖွားခဲ့
တစ်ယောက်တည်း အထီးကျန်နေတဲ့ အခန်းကျဉ်းထဲ
ဘဝကို မဏ္ဍိုင်တိုင် တက်ပြမနေပါနဲ့တော့..။
နောက်ဆုံးတော့….
နှင်းစက်တွေကြွေတဲ့ ဘဝထဲမှာ
သက်သေ မရှိတဲ့ ဆင်ခြေတွေနဲ့
ခိုင်မာအောင် အစားထိုး ပြသ
အရေး မရ မဖတ် မရ
ပြောတိုင်း ခေါင်းညိတ်ရလို့
ရင်ဆိုင်ရတဲ့ ပြဿနာတွေထဲ
အနာတရသာ အထင်ကရဖြစ်ခဲ့
တစ်လမ်းသွား မောင်းနေရတဲ့
ဒီပတ်ဝန်းကျင်ထဲ အချိန်ကုန် လူပမ်းလို့
ဘဝတစ်ခုတာ ကြွေကျခဲ့ရတယ်
ပန်းတိုင်ကို မဝင်ရောက်ခဲ့ပါလား….။