ဘဝရဲ့ အပြုံးစက်ဝိုင်း
ဘဝရဲ့ အပြုံးစက်ဝိုင်း
နှစ်ချို့နေတဲ့ ကော်ဖီတစ်ခွက်
ဘဝဆိုတဲ့ ရင်ဘက်ထဲ လောင်းချလိုက်တော့
ခါးသက်သက် အရသာတွေက
လောကဓံထဲ စီးဝင်တိုက်ခိုက်လွန်းလို့
အနားယူ မှေးစက်ဖို့တောင် မေ့ပျောက်သွားတယ်…။
ဒါပေမဲ့….
ကာလတန်ကြေး မတန်အောင်
မျက်ကွင်းတွေ ညိုမည်း
နောက်တနေ့ မနက်ထဲ
ကြေးမှုံပြင် ငေးကြည့်မိတော့….။
စကြာဝဠာ မျက်နှာပြင်တစ်ခုလုံး
အရောင်တွေ ပြောင်းလွဲသွားတယ်
မိုးသားတွေ မည်းနက်သွားတယ်
တိမ်တွေ ပြေးလွှားလျက်
မရပ်တည်နိုင်တဲ့ အဆုံးတော့
အမှောင်ထုထဲ လဲပြိုကျခဲ့တယ်
သတိ ရ တစ်ချက် မရ တစ်ချက်နဲ့
ခပ်ယဲ့ယဲ့ အသက်ရှုသံတွေအောက်
တလှပ်လှပ် တုန်ရီမောဟိုက်
ကြွင်းကျန်နေတဲ့ အရသာတစ်ခု
လုယူမယ်သူတွေက အများကြီး
အသက်ရင်းပြီး ဘဝရင်းပြီးတော့
ယူဆောင်ဖို့တော့ မမျှတဘူးလေ…။
တစ်ခုတော့ရှိတယ်…
နဖူးပေါ် ကိုယ့်လက်တင်တိုင်း စဉ်းစား
ကိုယ့် ခန္ဓာကိုယ် ဆိပ်ကမ်းမှာ
အခြေဆိုက်နေတဲ့ မာန်မာနကို ပယ်ချ
ရှည်လွန်းတဲ့ သံသရာတခွင်မှာ
အကျင့်စာရိတ္တနှင့် ပညာ ဒွန်တွဲလို့
ဒီကောင်းကင်ကြီးပေါ် ကိုယ့်ကျင့်သိက္ခာတွေ တည်ဆောက်
အမှန်တရားရဲ့ အလင်းရောင်အောက်
မေတ္တာတွေကို ဖြန့်ကြက်ထားရင်
အပြုံးခြေလှမ်းတွေ စတင်လောက်ပြီပေါ့…။
တက္ကသိုလ်မြတ်မင်း
Comment #1
🙂