ထာဝရနှုတ်ဆက်စာ
ကြိုတင် အသိပေးချက် – ( ထိုအရာသည် သေတမ်းစာတစ်စောင်မဟုတ်ပါ..
ထွက်ခွါသွားသော လူတစ်ယောက်၏ ကောက်ကြောင်းများသာ ဖြစ်ပါသည် )
(၁)
သူသည်…
မီးတောက်ရစ်သမ် လက်ကွက်နဲ့
ဘုရားသခင်ရဲ့ ရင်ဘတ်ကို တီးခတ်ခဲ့ပါသည်..။ (တတ်နိုင်သမျှ)
(၂)
လူငယ်ရဲ့ ခံစားချက်
မိုးစက်တွေအဖြစ်ငွေ့ရည်ဖွဲ့တဲ့အခါ
သုည တံခါးမှာ
ကိုယ့်ကျောက်စာကို ထွင်းချင်သူ ဖြစ်ခဲ့ပါသည်..။
(ကလဲ့စားချေတတ်သော Namesis အပေါင်း
ကျွန်တော့ကို အဖန်တစ်သောင်းတိုင် ကလဲ့စားချေပါ..။)
(၃)
သူမ မျောက်တစ်ကောင် ဖြစ်သွားရင်တောင်
ဆက်ချစ်မည့်အကြောင်း မှာခဲ့ချင်ပါသည်…
ယခုဆို..
ဟိုး တောင်တန်းဒေသများဆီက
သစ်ပုတ်ပင် အိုအိုကြီး၏ ကိုင်းဖျားထက်တွင်
သူမ နားနေပါလိမ့်မည်…..။
(၄)
ကျောင်းဖွင့်ချိန် တွေပြန်ရောက်လာသော်ငြား…
လျပ်စစ် ခေါင်းလောင်းများဆီ ပြန်မသွားချင်ပါ..
ကျွန်တော် ဆက်၍ လေလွင့်သွားပါတော့မည်..
ကျောင်းဝင်းထဲက မြရာပင်ကြီးသာ
ကျွန်တော့ကို လွမ်းဆွတ်နေပါလိမ့်မည်…။။
(၅)
ကျွန်တော် ခရီးထွက်သွားသောအခါ..
ကျွန်တော့သက်ပြင်းတွေ ထမ်းထားခဲ့ရသောမြို့ကလေး..
ငြိမ်းအေးချမ်းသာရာ ရသွားပါလိမ့်မည်…
အဝေးကသာငေးခဲ့ရသော အမေ့အိမ်တစ်ခါးရှေ့တွင်
ဘယ်ပန်းချီရေးလို့မမှီ သီချင်းကလေး..
လက်ရေးနှင့်ရေးခဲ့သူမှာ
ကျွန်တော်ဖြစ်ကြောင်းပြောပါလေ….။
(၆)
ကောင်းကင်တမွတ် ကြယ်မဆွတ်ဘဲ..
နေမင်းတစ်စင်း ရင်တွင်းဝှက်လို့
ကျွန်တော် ထွက်သွားပါမည်…
(ပန်းခေတ်က ဖြစ်သော လမင်း) ဖြင့်
အလုံးစုံ ထိန်လင်းလျက် ကျန်ရစ်ပါလေ….။
(၇)
ခေါင်ယမ်းပန်းတို့ကို သာပန်ပါတော့မည်…
စိန်ပန်းတို့ကြားတွင် ထားခဲ့သောသူမကို
ငိုပြီးရေးခဲ့သော ကဗျာများ မပြတော့ပါ….
(၈)
မထင်မရှားသူတို့ရဲ့ မပေါ်မလွင်ကျောင်းကလေး..
Robin hood ဘီးကလေးနှစ်စင်း..
မြရာပင်ခြေရင်းက ပီကေခွံလေးများ…
တစ်ယောက်စာအုပ်ထက်က တစ်ယောက်လက်ရေး..
ကိုးတန်းကျောင်းသားဘ၀နှင့် ထာဝရလမ်းခွဲ..
အားလုံးသည် အိပ်မက်မဟုတ်မှန်း သူမအသိဆုံးဖြစ်ပါသည်..
ထို့ကြောင့်
ငိုပြီးရေးခဲ့သော ၀ါကျများကို ဖြည်မချပြခဲ့တော့ပါ..။
(၉)
သူမ မျက်ဝန်းကို တစ်ခါခိုးယူမိချိန်ကတည်းက
နှလုံးသားသည် အခိုးခံလိုက်ရခြင်းဖြစ်သည်..။
မနိုးသော မနက်ခင်းများအတွက်
အိပ်မက်များကို ဘယ်တော့မှ တရားစွဲလိမ့်မည် မဟုတ်ပါ..။
(၁၀)
ဆရာမဖြစ်သွားပြီဆိုသော သူမနှင့်ထပ်တူ…
မနှင်းဖြူ ကို ကျွန်တော်ချစ်မိခဲ့ပါသည်…
အောင်နိုင်ခြင်းဖြင့် ဒဏ်သင့်သူ ဒုတိယမြောက်မှာ
.. ကျွန်တော်ဖြစ်ပါလိမ့်မည်..
ကဗျာသစ်ခက်ဖြင့်ပြုသော လှော်တက်ကို ကိုင်ပါသည်..
(ထို့ကြောင့်ပင်)
ကျွန်တော် ရေခဏခဏ နစ်၏…
လောင်းလှေဦးတွင် သူမကို မော်ဖူးခွင့်မရခဲ့ပါ…။
(၁၁)
ကျွန်တော် ထွက်ခွာသွားပါတော့မည်..
မနေ့က ပရောမီးသယပ်စ် ကြီးသေဆုံးခဲ့၏..
မနက်ဖြန်ခါမှာထားခဲ့တဲ့ မျက်နှာကို
ကျွန်တော်ပြန်လိုက်ရှာပါတော့မည်..
ဒီနေ့သည် ဘုရားသခင် ဖန်ဆင်းမှားသူ၏..
နောက်ဆုံး အထ္ထုပတ္တိ ဖြစ်ပါသည်….။
(၁၂)
သစ်ပင်သေသော ဂီတများ နှင့်
မေမေ့ကို ခုတ်လှဲခြင်း မပြုကြရန်..
ကျွန်တော် နောက်ဆုံး တောင်းပန်ခဲ့ပါသည်..
ကျွန်တော့အိပ်မက်များသည် မြင်းစီးထွက်သွားကြပြီဖြစ်၏..
ကျွန်တော်..လမ်းလျောက်လိုက်ပါတော့မည်…။
(၁၃)
နိုးဆက် နေ့ ဆိုသည်မှာ
ဥဒါန်း တစ်ပုဒ်မဟုတ်ပါ….
အိမ်ပြန်ချိန် နောက်ကျခဲ့သော တေလေတစ်ယောက် ဖြစ်ပါသည်.။
Xenophobia ရောဂါသည်…ဖြစ်ပါသည်..။
အတောင်ပံပေါ်က ဒဏ်ရာတွေ ပြန်မကောင်းတော့သော..
Phoenix ငှက်တစ်ကောင်ဖြစ်ပါသည်…. ။
ထို့အတူပင်..
ဤအရာသည် ကဗျာမဟုတ်ပါ..
စိုမှာစိုးလို့ မိုးမိသွားသော လူငယ်တစ်ယောက်၏..
ကောက်ကြောင်းများသာ ဖြစ်ပါသည်….။
(နိဂုံး)
ကျောင်းဝင်း ထဲက မြရာပင်ကြီးပင်
မနက်ဖြန်ဆို
ထိုသူ၏နာမည်အရင်း ကို မေ့သွားပါလိမ့်မည်…။
(ထင်းထားသော စကားလုံးလေးများမှာ လေးစားမြတ်နိုးရသော ဆရာ တာရာမင်းဝေ ဆရာမင်းခိုက်စိုးစန် နှင့် ဆရာ ထူးအိမ်သင် တို့၏ ကဗျာ၊ ၀ထ္ထု ခေါင်းစဉ်များ ဖြစ်ပါသည်)
နိုးဆက် နေ့
Comment #2
ဒီကဗျာလေးကို ကဗျာအနေနဲ့ပဲဖတ်ချင်ပါတယ်
တကယ်နှုတ်ဆက်သွားမှာကို ကျွန်တော်ဝမ်းနည်းမိလို့ ပါ
ဖြစ်နိုင်ရင်ပေါ့
ဘယ်လောက်ပဲ မအားမလပ်ဖြစ်နေပါစေ
တခါတလေဖြစ်ဖြစ်တော့ ကဗျာလေးတွေတင် ကွန်းမန့်လေးတွေပေးနဲ့ ရှိနေစေချင်ပါတယ်
( ကျွန်တော့် အယူအဆ မှားသွားရှိရင် ခွင့်လွှတ်ပါ)
ပျော်ရွှင်နေပါစေ

Comment #3
ဟင်
ဘယ်လို ဘယ်လို? ကိုဆက် ။
ထာဝရ ဟုတ်လား
🙁
poems corner ကသူတွေအားလုံးအိမ်လိုက်လာမှာနော်

Comment #4
နှမြောမိတယ်…….
ဒီ့ထက်ပိုပြီးတော့ ကျွန်တော်ပြောမထွက်တော့ဘူး။

Comment #5
ကဗျာဆရာကတော့လုပ်ပြီ မအိလေး တူတူအိမ် လိုက်သွားဆွဲခေါ်လာမှ ဖြစ်မယ်ထင်

Comment #6
okie.may pyo
khu law law se dot ei ka ygn hmar ma shi bu shint.
ywar pyan yout nay de.
pyan lar yin chat chinn a kyaung kyarr like me naw.
ကိုဆက်
အိကတော့လိုချင်တာမရရင်အော်ငိုတတ်တယ်နော်
မရမချင်းပြသနာရှာမှာပဲ

Comment #1
Poemscorner ကိုစရောက်ကတည်းက အမျိုးမျိုး အဖုံဖုံ အားပေးခဲ့ကြသော ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်…ခင်ဗျာ
ကျေး……….ဇူး………….တင်……………ပါ……………တယ်…………..
လေးစားလျက်
နိုးဆက် နေ့