အလှနတ်ဘုရားနှင့် ရိုက်ကွင်းထဲက ဘီလူးသဘက်များ
( ရုပ်ရှင်ရှုတင် အပြင်ဘက်လောကနဲ့ ဆက်စပ်မတွေးပါနဲ့.. ဒီကဗျာထဲက ရှုတင်လေးအဖြစ်ဘဲ ခံစားပေးပါ။ ကျေးဇူးတင်ပါသည်.။ )
ကျွန်တော် ပြောမယ် ဗျာ…
ဒီ ရိုက်ကွင်းထဲကလူတွေ အားလုံးကို မုန်းတယ်။။
သူတို့..
မလိုအပ်ဘဲ မင်း နာမည်ကို အော်နေကြတယ်ထင်တယ်..
(အဲဒါ..ငါမဟစ်ကြွေးရက်လို့ နှလုံးသားထဲ သော့ခတ်သိမ်းထားတဲ့ ဂီတ..
မင်းတို့ ဘယ်သူမှ ဆိုစရာမလိုဘူး..။ )
မိန်းမ ချင်းချင်းဘဲဆိုဆို..
အဲဒီ မိတ်ကပ်လာပြင်တဲ့ သူတွေကိုလည်း မနာလိုဖြစ်တယ်..
မင်းရဲ့ ဆံနွယ်ခက်တွေဟာ
သူတို့ သပ်တင် ဆော့ကစားစရာမှ မဟုတ်ဘဲ….
(အဲဒါ…ငါ့အတွက် ကြွေကျမလာသေးတဲ့ ဆုတော်လဘ်တော်..
ဘယ်သူမှ မော်တောင်မကြည့်နဲ့…)
နှလုံးသားတွေဗျ… စက်ရုပ်မဟုတ်ဘူး…
လူချင်းလူချင်း နီးကပ်ထွေးဖက်ဖို့… ဇာတ်ကွက်တွေ များလွန်းတယ်
ဘာလဲဗျာ…
သံလိုက်နှလုံးသားတွေရဲ့ဆွဲအားဟာ ဆော့ကစားစရာမှမဟုတ်ဘဲ..
ဇာတ်ညွှန်းဆရာ.. ခင်ဗျားကို ကျွန်တော် မုန်းတယ်..။
ဇာတ်ကွက်တစ်ကွက်ပြီးသွားတိုင်း
ရေဘူးတစ်ဘူး ပြေးပြေးလာပေးတဲ့ အဲဒီလူကကော ဘာလဲ..
စကားဝိုင်းထဲကို
မခင်လှဘဲနဲ့ ၀င်ဝင်ရောတဲ့ အဲဒီလူကကော ဘာလဲ…
ကင်မရာကိုကြည့်တဲ့ မျက်လုံးတွေကို
စိုက်ကြည့်နေတတ်တဲ့ အဲဒီလူကကော ဘာလဲ….
မုန်းတယ်…
အားလုံးကိုမုန်းတယ်…..။
မှန်ဝိုင်းလေးကို အားကျတယ်…
မင်းပုံရိပ်တွေ အများဆုံးပိုင်ဆိုင်ရမှာဘဲ..။
နှုတ်ခမ်းနီ ပန်းရောင်ဖျော့ကလေးကို အားကျတယ်..
သခင်မ နှုတ်ခမ်းဖျားမှာ ခိုနားနမ်းရှိုက်….။
ပါးပြင်ပေါ်က မိတ်ကပ်ပါးပါးကို အားကျတယ်
အလှနတ်သမီးတစ်ပါးရဲ့ ချပ်ဝတ်တန်ဆာများ…။
မင်းသားဆိုတဲ့ အဲဒီလူကိုများ…
တည့်တည့် ကြည့်မိလေမလား…ပူရတယ်..
(အဲဒီမင်းသားကလည်း မလိုအပ်လောက်အောင် သန့်နေတယ်)
မဟုတ်ဘူး….မင်းသမီး…..မဟုတ်ဘူး…
သူပြောနေတာ ရင်ထဲက စကားတွေမဟုတ်ဘူး….
ဒိုင်ယာလော့တွေကျက်ပြီး လာရွတ်ပြနေတာ…
မယုံပါနဲ့..ဇာတ်လမ်းအရသာ ၀ဋ်ကြေတန်းကြေ..ခေါင်းငြိတ်ပြပါ..။
နေအရမ်းပူနေပြီ…
မင်းသမီးလေးကို ထီးမိုးပေးချင်တယ်…
သူ့ချွေးစလေးအတွက် တစ်သျူးလေး ဆက်ချင်တယ်..
ဘယ်မှာလဲ အခွင့်အရေး။။။
ဗီလိန်တွေက သူမပါးကိုရိုက်တယ်..
မင်းသားက သူမပါးကို နမ်းတယ်…
ဘယ်သူကဗီလိန်ဘဲဖြစ်ဖြစ်
ဒီ သနစ် မှာ (သနစ် = အဖြစ်)
ကျွန်တော် မင်းသားကို ပိုမုန်းတယ်။။
ပါးကို နမ်းမဲ့ဇာတ်ကွက်ကို
အချိန်တွေ ဆွဲဆန့်နေစရာမလိုဘူး… ဒါရိုက်တာ
ခင်ဗျားကိုယ်တိုင်က အကြီးဆုံး ဗီလိန်ဖြစ်နေတာ နေမှာပါ…
ဟုတ်တယ် မဟုတ်လား…..။
ဒီ ရှုတင် တစ်ခုလုံးမှာ
အားလုံးဟာ ဘီလူးသဘက်တွေ စင်စစ်ဖြစ်ကြတယ်..
နှလုံးသားနဲ့ မကြည့်ဘဲ အကြည့်လွှဲ..
လှပတဲ့ မျက်ဝန်း ၀ိုင်းစက်စက်နဲ့
ဖန်သားပြင် အပြင်ဘက်ကို ထွက်ပြီးမြင်ပါ….မင်းသမီး..
အပြင်လောကမှာ.
ရင်နဲ့ မြတ်နိုးတဲ့ လူတစ်ယောက်ရှိတယ်..။
မင်းအကြောင်းစဉ်းစားတိုင်း ပြုံးနေတတ်ပေမဲ့..
ကင်မရာတစ်လုံးက စည်း…..ခြား…..ထား….လေ….ရဲ့
…………………………..
တစ်ခုတည်းပါဘဲ…
အဲဒါကိုက ဆယ်ဘ၀လောက် ဝေးကွာသွားစေတယ်….
n$n
Comment #2
ကဗျာကောင်းတယ်
Comment #3
ဒီကဗျာ ကျွန်တော်လည်းကြိုက် ၏ 🙂
Comment #4
🙂
ever make me smile
Comment #5
ရေးတာက အတည်ဗျ။ ပြီးမှဟာသလို ဖြစ်သွားတာ..ဟဲဟဲ
Comment #1
🙂