တိမ်လွှာရိပ်မှာ ပုံရိပ်ခြယ်သော မိုးတိမ်
တိမ်လွှာရိပ်မှာ ပုံရိပ်ခြယ်သော မိုးတိမ်
အသိ မကြွယ်ဝတဲ့ ဝန်းကျင်မှာ
တစ်ဦးက တံခါး ဖွင့်ရင်
တစ်ဦးက တံခါး ပိတ်တယ်
အဲဒါ သဘာဝပဲတဲ့…..။
လူ့ အရင်းအမြစ် ထုတ်ကုန်တွေနဲ့
စိုစွတ်နေတဲ့ မြို့တော်ထဲ
ကိုယ့် အတ္တကို အရောင်ဆိုးလို့
အထိမခံ တုန့်ပြန်တာလည်း သဘာဝပဲတဲ့…။
ပညတ် ဓာတ်သဘာဝတွေ ကဲပိုလို့
မီးလောင်ရာ လေ ပင့်တတ်တဲ့
လူ့ အသိုင်းဝိုင်းထဲက မလွယ်ပေါက်တွေလည်း
အသုံးမဝင် ကျိုးပဲ့ ပျက်စီးသွားခဲ့တယ်….။
တကယ်တော့….
လူတွေရဲ့ အသိ မြို့တော်မှာ
နေရာတိုင်း ခြောက်သွေ့လွန်းလို့
စိုက်ပျိုးတဲ့ သစ်ပင်တွေလည်း
မလန်းဆန်းတော့ဘူး…..။
အမှောင် အလင်း ဖွားဘက်တော်ဖြစ်ပေမဲ့
ကျယ်ပြန့်တဲ့ ကန္တရလွင်ပြင်ထဲ
လူချင်းချင်း မသဲကွဲတော့
သင်းကွဲ နေ့ရက်တွေ ဖြတ်သန်းပြီပေါ့….။
ကဲ… ဒီလိုနဲ့…
မှုန်ဝါးဝါး ဖြတ်လျှောက်ရတဲ့
ပူပြင်း ခြောက်သွေ့လွန်းသော
နွေကမ္ဘာမှာ အိပ်တန်းပြန်ခဲ့ရတာ
အကြိမ် ရာထောင်မက ဖြစ်ခဲ့ပြီလေ…။
ဒါပေမဲ့….
ဒီဂရီ မမျှတတဲ့ လျှပ်စစ်ထုတ်ကုန်ဟာ
တက်လိုက် ကျလိုက်နဲ့
နေထိုင်မှုတွေ အဆင်မပြေတော့ဘူး….။
အဆင်မပြေလို့ တောက် ခေါက်လိုက်တယ်
ဒေါသရဲ့ နောက်က ကောက်ကိုင်လိုက်တဲ့
ဓားတစ်ချောင်း လှစ်ခနဲ ဘဝ နံရံကို ပစ်ပေါက်မိလိုက်တာ
ကံကြမ္မာဟာ မဆီမဆိုင် ကားယားလေး ကျလာတယ်လေ…။
အခုတော့….
ခုတုံးတွေ အားလုံး ရပ်တန့်သွားပြီ
အချိန်တွေ တဖြေးဖြေး လင့်လားပြီ
ကောင်းကင် တိမ်လွှာတွေ အရောင်ပြောင်းကုန်ပြီ
လတွေ ခုတ်ထစ်ထားတဲ့ နှစ်များလည်း ကုန်ဆုံးသွားပြီ
ဘာမှလည်း ထူးမခြားနားတော့
ကြာတော့လည်း ဒီမြို့တော်ထဲက
ထစ်ချုန်းမိုးနောက်မှာ မိုးခြိမ်းပြရတာ ရှက်လာပြီ
ဘယ်တော့မှန်း ကောင်းလာမလဲ…။
တက္ကသိုလ်မြတ်မင်း