သွားကိုက်ခြင်း
ဆရာ။
ကျွန်မရဲ့သွားကိုကြည့်ပေးပါဦးဆရာ။
ဟုတ်တယ်။ အရှေ့တောင်ထောင့်အရပ်မှာပေါက်နေတဲ့
သွား/ကျွန်မ အချိုတွေ စိတ်အလိုလိုက်စားမိတဲ့အချိန်က စတာပဲ။
ခု မချိမဆန့်နာနေပြီဆရာ။
မှတ်မှတ်ရရ အဲဒီ့သွား ပေါက်တဲ့နေ့က သောကြာနေ့ဆိုတော့ သူဟာသောကြာသမီးလေး။
မိန်းကလေးဆိုတော့လည်း နည်းနည်းနာရင်တောင် များများငိုမိတယ်။
ကျွန်မကို ကယ်ပါဦးဆရာရယ်။
အခုကျိုးပဲ့ကြွေကျသွားတဲ့နေရာမှာ ဟောင်းလောင်းပေါက်ဖြစ်နေပြီ။
တစ်ချို့ကတော့ ကြွေမှုန့်တွေအစားထိုးထည့်ဖာကြတယ်ဆရာ။
သုံး၊လေးနှစ်လောက်တော့ ခံတယ်ပြောတယ်။
ကျွန်မကတော့ အဲ့လိုအစားမထိုးပစ်ချင်ဘူး။
အချိန်တန်လို့ထပ်ကြွေသွားရင် ကျွန်မပဲ နာကျင်ရဦးမှာ။
ဒီအတိုင်းထားပြန်ရင်လည်း လွတ်နေတဲ့အခေါင်းပေါက်ထဲ အစာတွေလာလာညပ်ချင်ကြတယ်။
သူတို့ကလည်းသူတို့ပဲ။ အစာလမ်းကြောင်းကြီးရှိနေရဲ့နဲ့ ကိုယ့်လမ်းကိုယ်မသွားဘူး။
ဒီတော့ဆရာရယ် ဖြစ်နိုင်ရင်တစ်ခါထဲသာနှုတ်/ပစ်လိုက်ပါတော့။
တစ်ခုပဲ။ ကျွန်မက ထုံဆေးကိုမကြိုက်ဘူး။ ကျွန်မကိုမေ့ဆေးပဲထိုးပေးပါဆရာ။
ပျော်စရာလေးတွေချန်ပြီး နာကျင်စရာတွေကို မေ့သွားအောင် မေ့ဆေးပေးပါ။
ဟုတ်ကဲ့ အခုထိတော့မေ့လို့မရသေးဘူး။ ကျွန်မမေ့သွားတဲ့အခါ ညှပ်ကြားထဲက သွေးပေနေတဲ့သွားကို အရင်လွှင့်
ပစ်ပြီးမှ ကျွန်မကိုနှိုး။
သူ့ကိုမြင်ရင် ကျွန်မ ထပ်နာမိမှာစိုးတယ်။
နေပိုင်
၁၉ ဧပြီ ၂ဝ၁၂
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so meaningful
really perfect