ကောင်းကင်ပြို
နွေရာသီမှာ ရင်ခုန်သံကိုအနွေးထည်ဝတ်
ပြီးခြောက်တီးခြောက်ကပ် တောင်ပြီး မြောက်လှည့် တည့်ရာခြေဦးကို တိမ့်နေတုန်း….
ငါဆိုတဲ့လူက မာနကို ပုခုံးမှာထမ်း၊ ဆရာချောနွယ်ရဲ့ပင်မှည့်တေးကလို
ကိုယ့်မေးရိုးကို ခိုင်အောင်လုပ်ပြီး လောကကိုထိုးဖို့ကြိုးစားနေတဲ့လူလေ။
မင်းကအကြောင်းတရားတွေကို ပုန်းရှောင်နေတာတွေးမိပါရဲ့။
လူတိုင်းကိုမေးစမ်းလိုက်ပါ အကြောင်းတရားတွေအများကြီးမရှိတဲ့ နှစ်သက် မှုက ရှိတတ်သလားလို့။
မင်းမရှိတဲ့မနက်ဖြန်တွေများများ ရှိဖို့မမျှော်လင့်ဘူး
ကုန်သွားတဲ့ငါ့ရဲ့နာရီတွေထဲက မင်းကိုလိုက်လိုက်ကောက်နေရလို့လေ။
မင်းရဲ့နရီတိုးသံတွေ ကျယ်လောင်လွန်းလို့
ငါ့ကိုငါတောင် မကြားတချက်ကြားတစ်ချက်ပဲ။
မင်းရဲ့ချစ်စရာကောင်းတဲ့ သတ်ဖြတ်မှုတွေအောက်မှာပဲ
ငါ့နှလုံးသားက ခဏခဏနူးညံ့စွာ ရှင်သန်ခဲ့ရတာပါ
မင်းရဲ့ပျော်စရာကောင်းတဲ့ထေ့ငေါ့ မှုတွေအောက်မှာ
ခဏခဏနှိုးထခဲ့ရတာငါ့နှလုံးသားပါ။
ငါ့ဘ၀ရဲ့မပြည့်စုံနိုင်တဲ့ကွက်လပ်များစွာထဲမှာ
မင်းဆိုတဲ့ကွက်လပ်လေးကိုတော့ ဖြည့်ဖို့ကြိုးစားနေလေရဲ့
ငါ့ရဲ့မာနကောင်းကင်တစ်ခုလုံး ပြိုကျအောင်မင်းလုပ်နိုင်ခဲ့တယ်ကွယ်။
Comment #1
so cute