မြစ်ကျိုးအင်းဝါ
“ မြစ်ကျိုးအင်းဝါ ”
စိတ်လက်မာန်ပါ သွေးထားတဲ့ စွပ်ကျယ်ဖြူဖြူလေးဟာ
မပျယ့်တပျယ်မိတ်ကပ်ပါးပြင်အောက် တလှပ်လှပ် တုန်ရင်လို့
ညဟာ မခို့တရို့ လက်သည်းတွေနဲ့ ကုတ်ခြစ်တယ်
ညာဘက်လက်မောင်းပေါ် ဆံနွယ်တွေလမ်းလျှောက်ထွက်လာပြီ
နှုတ်ခမ်းပန်းတွေက အနမ်းမိုးရေစက်တွေနဲ့ ပွင့်လန်း
အာခေါင်ကန္တာရပေါ် … အသက်ရှုသံတွေ ရေငတ်လာတယ်
လမင်းကို ပလပ်ဖြုတ်လိုက်တော့ … လေးပိုဒ်ပေါင်းပြီး တစ်ပါဒခေါ်စေ
စီးကရက် … ပုဇွန်တုန်ယမ်း …. လွင်ပြင်ထဲ သင်္ဘောကို ရွက်လွှင့်
ချဉ် .. ခါး … စပ် … ချို …
အရသာဟာ လျှာပေါ်မှာ ဝူးဝူးဝါးဝါး တွန့်လိမ်ကွေးကောက်
ဆန့်ဆန့်ရပ်နေတဲ့ လေညင်း
ဇစ်ဆွဲလိုက်တဲ့ အပြာရောင်ကောင်းကင်ရှည်
တောင်ရောက် မြောက်ရောက် သဒ္ဒါမမှန်တဲ့ မိသားစုဝါကျ
နယ်မြေလု သီချင်းသံဟာ တဖြောက်ဖြောက်နဲ့ ကျယ်လာတယ်
အနက်ရောင်ပဲခွပ်ဟာ အဆိပ်သီးကို အရေခွံချွတ်ချလိုက်တယ်
ကြိုးနှစ်ချောင်းဟာ တတိယကြိုးကို ကြိုးကွင်းစွပ်ဖို့ သဘောတူခဲ့ပြီ
တြိဂံထောင့်ချိုးထဲ နစ်မြုပ်သွားတဲ့ အပြုံးကို လိုက်ဆယ်ဖို့ မကြိုးစားတော့ဘူး
ပင်လယ် …. သူဟာ ပင်လယ်ပါ ရေချိုတွေကို မုန်းတယ်
ယောနသန်လို အမြင့်ထိ ပျံသန်းရင်း ………
မြစ်ကျိုးအင်း တစ်ခုဟာ ဒူးထောက်ခြင်းကို စိတ်လိုလက်ရ ဝတ်ဆင်လိုက်ပြီ
ကျဈေးအတွက် လှောင်ကုန်တွေ အဖြစ်မခံချင်တော့ …………………
ချီရွန် ( ပုလဲ )
Comment #2
ကျေးဇူးပါ ညီလေး ဘာပဲဖြစ်ဖြစ် ဒီကဗျာက ပထမဆုံး ကိုယ့်ဟန်နဲ့ကိုယ် ခွဲထွက် ရေးကြည့်ထားတာမို့ပါ။ တော်တော် ကျေးဇူးတင်တယ်။
Comment #3
အရမ်းမိုက်တာပဲ ရှင့်
Comment #4
ကျေးဇူးတင်ပါတယ် မသွဲ့သွဲ့ ခင်ဗျာ။ ကျွန်တော်လည်း ပြန်ဖတ်မိသွားလို့။
ချီရွန် ( ပုလဲ )
Comment #5
ကြိုက်တယ် မိုက်တယ်
Comment #1
ပင်လယ် …. သူဟာ ပင်လယ်ပါ ရေချိုတွေကို မုန်းတယ်
ယောနသန်လို အမြင့်ထိ ပျံသန်းရင်း ………
မြစ်ကျိုးအင်း တစ်ခုဟာ ဒူးထောက်ခြင်းကို စိတ်လိုလက်ရ ဝတ်ဆင်လိုက်ပြီ
ကျဈေးအတွက် လှောင်ကုန်တွေ အဖြစ်မခံချင်တော့ …………………
(သိပ်ခိုက်မိတဲ့ စကားလုံးတွေပါပဲ အကို… အားပေးလျက်ပါ)