လက် ခတ် ဂ လက် ဆီ (အပိုင်း – ၁)
ယခုအခါ
ရှိုက်သံမဲ့ ကမ္ဘာ မှ ပန်းသီးကို ခူးချင်သော ဆူး…
ကမ္ဘာဦးက အာဒမ်၏ နံရိုးသည်
ကိုယ့်ရင်ကို တည့်တည့် စူးလေပြီ…။
တေးသီငှက်၏ ကိုယ်ရောင်ကိုယ်ဝါတို့ကား
စိန်ပန်းနီနီ နှင့် တေလေလမ်းမ တို့ကို
တိုးလျိုပေါက် လင်းစေပြီလား…..ကိုယ်မသိ
ကိုယ့်ရင်ခုန်သံ ကို တိုးငြင်းစွာ ကိုယ်ပြန်ကြားမိပေ၏..။
ပိုးသားထက် နူးညံ့သိမ်မွေ့လေသော…
ထိုလက်နှစ်ဖက်ဖြင့်
ထိုသောတံဆိတ်ကို ခပ်နှိပ်ခဲ့၏..
ကိုယ့်၏ စိတ်အစဉ်တွင်
နတ်ဘုရားမလေး၏ သွေးတို့စီးဆင်းခဲ့လေပြီ….။
ငါသည် သူမ၏ ကိုယ်ပွားဖြစ်၍
သူမသည် ငါ၏ ပန်းချီကားတစ်ချပ်ဖြစ်သောအခါ
ငါ့လက်ကို ငါကိုးကွယ်မိတော့မည်..
စီးဆင်းနေသော သွေးကြောမျင်များကို
ကိုယ် ညွှတ်တွား နှိမ်ချလိုက်ပါရဲ့..။
တစ်ချိန်တစ်ခါက
မျက်ရည် ခဲခြစ် ကစားပွဲ များတွင်
နှလုံးသားကို အထားမှားခဲ့ဖူးသူ….
ယခုအခါ ထိုသူသည်ပင်
ငလျင် ပိုင်းဇုံမှာ ခြေစုံရပ်မိလေပြီဖြစ်၏..။
ကိုယ် ချစ်သည်….
ထို့ကြောင့် ကိုယ် ရှုံးသည်..
ကိုယ့် အတွက်
အရှုံးထက်မြတ်သော အဓိပ္ပါယ်သည် မရှိ…..။
သူမသည် ဂီတတွေကို မိုးလိုရွာချတတ်၏..
မျက်ဝန်းနက်၏ ရောင်စဉ်သည်ကား လျပ်စီးများကို ဖန်ဆင်း၏
သူမ၏ အဖြူရောင် မွေ့ပျော်မှုများသည် မိုးသီးပေါက်များပမာတည်၏..
သူမ၏ အနုပညာ ပုံဆောင်ခဲတို့သည် လူငယ်၏ တိမ်ဖြူတွေကိုချိုး…
မုတ်သုံ တစ်ဥတုကို နှိုးယူလာခဲ့ပြီဖြစ်၏….။
မိုးတွေရွာတော့မည်…..
ဟောသည်ကိုယ့် ကမ္ဘာတစ်ခုလုံးမှာ
မိုးတွေရွာတော့မည်……….
မှိုချိုး မျှစ်ချိုးရွာတော့မည်…………
ကိုယ်သိသည်…။
သို့သော်
နှလုံးသား ပြတ်ရွေ့ကြောပေါ်မှ
ယခုတိုင်..
ရိုကျိုးစွာ ဖြင့် တစ်ဖ၀ါး မခွာမိသေး…………..။။။
နိုးဆက် နေ့
Comment #2
ကြွေ ကျ သွား သော နှစ် သက်မှုများ သည်
ရေစုန်ရေဆန် အချိန်အခါ မရှိ စွာ ပင်
ဤကဗျာ အတွင်းသို့  တသွင်သွင် စီးဆင်းသွားပြီးနောက်
ဤ စာမျက်နှာမှ ရုန်းထွက်ရန် အလို့ ဌာ ကျွန်ုပ်မှာ အထူးပင်
မစွမ်းသာနိုင်ခဲ့ချေ
Comment #3
Oh my god.
Oh my god.
Oh my god.
Excellent creations.
Comment #4
တစ်မျိုးပဲ.
Comment #6
ကြိုက်တယ်ရှင့်
Comment #1
အရမ်းမိုက်တယ်
တကယ် … FB မှာ တင်ချင်တယ် ရမလားဟင်
ဒီကဗျာဆရာရဲ့ ဖန်တီးမှုတွေကို